အောက်တိုဘာလ (၁၃)ရ က်နေ့ ည(၈) နာရီဝန်းကျင်…
မိုးဖွဲဖွဲလေးကျနေပြီး ကျမတို့နေတဲ့ မိတ္ထီလာ စက်မှုဇုံ ၅ လမ်းအတွင်းမှာ လူအသွားအလာမရှိတော့တဲ့အချိန်။ အဲဒိအချိန်မှာပဲ အသံမပေးပဲ အိမ်တခါးကို ခပ်ပြင်းပြင်းလေးလာခေါက်နေတာကြောင့် ကျမတို့တွေမှာ အထူးအဆန်း ဖြစ်နေရတယ်။ ဘယ်သူမှန်းမသိတော့ တစ်ယောက်ထဲသွားမဖွင့်ရဲဘူးလေ။ ဒါနဲ့ မောင်လေးတွေကော အမေတို့ကိုပါ ခေါ်စုပြီးမှ အိမ်တံခါးကို ဖြည်းဖြည်းချင်းဖွင့်ပေးလိုက်မိတယ်။
တွေ့ပါပြီ။ ကျမတခါမှ မမြင်ဘူးတဲ့ လူတစ်ယောက်။ တော်တော် အလိုက်ကန်းဆိုး မသိတဲ့လူပဲ၊ သူများတွေအနား ယူချိန်ကို ညင်ညင်သာသာ မခေါက်ပဲ ကျနော် ဘယ်သူပါ ဘယ်ဝါပါဆိုတာ တိတိကျကျ အသံမပေးပဲ ပိုင်စိုးပိုင်းနင်းနဲ့ အိမ်တံခါးကို တဒေါက်ဒေါက် လာခေါက်နေတယ်၊ တော်တော် လူမှုရေး အသိစိတ် ခေါင်းပါးတာပဲလို့ ကျမစိတ်ထဲက ပြောနေမိလေရဲ့။
ယောက်ျားလေးဖြစ်တော့ ကျမက စကားမပြောဘူး။ ကျမ မောင်လေးတွေကတော့ သူ့ကို သိနေပုံရတယ်။ သူတို့ကပဲ ဘာကိစ္စရှိလို့လဲ အကို၊ ဘာအကူအညီ ပေးရမလဲ စသဖြင့် ပျူပျူငှာငှာ ဆက်ဆံကြတယ်။ အောင်ကိုကိုလွင်နဲ့ လွင်မောင်မောင်က စက်မှုဇုံ ၅ လမ်းထိပ်မှာ ဆိုင်ကယ်ပြင်ဆိုင် ဖွင့်ထားတော့ လူပေါင်းစုံနဲ့ ဆက်ဆံနေရတာမို့ ဒီလူလည်း သူတို့ အသိပဲနေမှာ ဆိုပြီး ကျမ ဖာသိဖာသာ နေလိုက်တယ်။
အဲဒိလူက ထွေထွေထူးထူး စကားပြောမနေပဲ ကျမမောင် အောင်ကိုကိုလွင် (လက်ရှိ-ကျောက်ဖြူ အကျဉ်းထောင်) ကို အပြင်ခဏ လိုက်ခဲ့ဖို့ ခေါ်တယ်။ ဒီတော့မှ အမေက ဝင်ပြောတယ်။ ‘‘ညကြီးမိုးချုပ်ကွယ် ဘာလုပ်ဖို့လဲကွယ့်’’ လို့မေးတော့ ‘‘ထမင်း ကျွေးချင်လို့ပါ’’ တဲ့။ ‘‘ဟာ - ဒို့မိသားစုအားလုံး ထမင်းစားပြီးကြပြီကွ နောက်နေ့မှ စောစော လာခေါ်ပေါ့ကွာ’’လို့ ပြောပြီး အမေက တားလိုက်တယ်။
ဒါပေမယ့် မရပါဘူး။ ‘‘ဒါဆိုရင်လည်း လ္ဘက်ရည်သောက်လေးတော့ ထည့်လိုက်ပါ’’ တဲ့။ အမေက မိုးရွာနေလို့ မကောင်းပါဘူး မနက်မှပေါ့ လို့ ငြင်းနေပေမယ့် မဖြစ်မနေလိုက်ဖို့ ခေါ်နေတာကြောင့် ကျမ စိတ်ထဲတော့ တယ်ပြီး မကြည်လှဘူး။
နောက်တော့ ကျမမောင်လေး အောင်ကိုကိုလွင်ကပဲ ခဏ လိုက်သွားလိုက်ပါမယ်၊ စိတ်ပူမနေပါနဲ့ဆိုပြီး အမေနဲ့ ကျမတို့ကို ပြောပြီး လိုက်သွားတယ်။ သူတို့ ၂ ယောက်ထွက်သွားတော့မှ ကျမက အမေ့ကို မေးမိတယ်၊ ‘‘အဲဒိလူကို အမေသိလို့လား သူပုံစံက ပိုင်စိုးပိုင်နင်းနိုင်တယ်နော်’’။ ဒီတော့ အမေက ‘‘အေး..သူက မိတ္ထီလာရဲစခန်းက ဒုရဲအုပ်မြင့်ဦးပဲ။ အောင်ကို မလိုက်လို့ရှိရင် ဒီညပြန်မှာ မဟုတ်ဘူး၊ သူ့တာဝန်က အောင်ကိုကို မဖြစ်မနေ ဒီညရောက်အောင် ခေါ်လာရမယ် ဆိုတာနဲ့ လာရတာ ဖြစ်မှာပေါ့’’ လို့ အမေကပြောမှ ကျမလည်း သဘောပေါက်သွားတယ်။
ဒါဆို ဒီလူတွေ ဦးဇင်းကို ခြေရာခံမိပြီ ထင်တယ်။ ဘုရားဘုရား.. ဦးဇင်းတို့ အန္တရာယ် ကင်းပါစေပေါ့ စသဖြင့် ဆုတောင်းပြီး မေတ္တာပို့နေမိတော့တာပဲ။
ည၉နာရီခွဲလောက်ကျတော့ ကားတွေဆိုင်ကယ်တွေ ကျမတို့ အိမ်ရှေ့ရပ်လာတယ်။ ဒီတော့ အောင်ကို့ကို ပြန်ပို့တာပဲနေမှာ လို့ ကျမတို့ စိတ်ထဲ မှတ်ယူထားပြီး အောင်ကို့အသံကို နားစွင့်နေမိတယ်။ သိပ်မကြာဘူး အိမ်တခါးကို လာခေါက်ပြန်တယ်။ အမေက ‘‘အောင်ကိုလား ဟေ့၊ မြင့်ဦးလားဟ’’ တံခါးမဖွင့်သေးပဲ အရင်မေးတယ်။ အပြင်က ဘာအသံမှ ပြန်မပေးဘူး။ တခါးကို ခေါက်မြဲအတိုင်း ဆက်ခေါက်နေတာပဲ။ ဒီတော့ မဖြစ်ချေဘူးဆိုပြီး အမေက ဖွင့်ပေးလိုက်တယ်။
ဒီတခါတော့ လူတွေအများကြီး ဖြစ်လာပြီး ခုနက အောင်ကိုကို လာခေါ်တဲ့ မြင့်ဦးဆိုတဲ့ ဒုရဲအုပ်က ရှေ့က ဦးဆောင်လာတယ်။ သူနောက်မှာ လူနှစ်ယောက်လည်း အိမ်ထဲကို ဝင်လာတယ်။ အပြင်မှာလည်း လူတွေ ရပ်နေကြတာ ရှိတယ်၊ စကားပြောစက်တွေနဲ့ အလုပ်ရှုပ်နေတာကို ကျမ ဝိုးတဝါး မြင်လိုက်မိသေးတယ်။
ဒုရဲအုပ်မြင့်ဦးကို အိမ်တခါးဝ အဝင်မှာပဲ ကျမက စမေးတယ်။
‘‘ကျမမောင်လေး ဘယ်မှာလဲ’’
‘‘တနေရာမှာ အေးအေးဆေးဆေး ရှိနေပါတယ် စိတ်မပူပါနဲ့’’
ဒီတော့ ကျမက စိတ်တိုပြီး ‘‘ခင်ဗျားလာခေါ်တုန်းက ထမင်းကျွေး လ္ဘက်ရည်တိုက်ဆို အခုဘယ်မှာလဲ၊ ဘာဖြစ်လို့ ပြန်မခေါ်လာတာလဲ’’ လို့ ထပ်မေးလိုက်တယ်။ ဒါပေမယ့် သူက ကျမကို ဂရုမစိုက်ဘူး၊ သူ့ထက် အသက်လည်းကြီးပြီး ရာထူးလည်း ကြီးမယ်ထင်ရတဲ့ လူနှစ်ယောက်နဲ့အတူ အိမ်ထဲ ဝင်လာတော့တာပဲ။
နောက်ကပါလာတဲ့လူ နှစ်ယောက်မှာကော အပြင်မှာ ကျန်ခဲ့တဲ့ လူတွေမှာပါ စကားပြောစက်တွေနဲ့ အလုပ်ရှုပ် နေကြတာ တွေ့ရတယ်။ အပြင်မှာ ကျန်ခဲ့တဲ့ လူတွေပြောနေကြတာကို ကျမ တိတိကျကျ မကြားရပေမယ့် လိမ္မော်သီး၊ လိမ္မော်သီး ဆိုတဲ့ စကားလုံးကတော့ နားထဲမှာ မကြာမကြာ တိုးဝင်နေတာ သတိထားမိလိုက်တယ်။
ကျမတို့ အိမ်ဧည့်ခန်းက ခုံတန်းလျားတွေမှာ ဒုရဲအုပ်မြင့်ဦး အပါအဝင် လူသုံးယောက် ထိုင်ဖို့ ပြင်နေရင်းမှာပင် အသက်ကြီးကြီး၊ ရာထူးကြီးကြီးလို့ ထင်ရတဲ့ လူတယောက်မှာ ပါလာတဲ့ စကားပြောစက်က အသံထွက်လာတယ်။ ဘာသံတွေလဲတော့ ရှင်းရှင်းလင်းလင်း မရှိဘူး။ သူတို့ပဲ နားလည်မယ် ထင်တယ်။ စကားဝှက်တွေ ဘာတွေ ရှိမှာပေါ့နော်။ ဒါပေမယ့် အသက်ကြီးကြီးလူ တယောက်က ပြန်ဖြေတဲ့ စကားသံတချို့ ကြားလိုက်ပြီး နောက်မှာတော့ ကျမ သဘောပေါက်သွားရတယ်။
‘‘လိမ္မော်သီး မိသားစုလို့ ထင်ရတဲ့ အိမ်ကို ရောက်နေပြီ’’ ဆိုတာနဲ့ ‘‘ဟုတ်ကဲ့ စိတ်ချပါ၊ စိတ်ချပါ’’ ဆိုတာတွေကလည်း စကားလုံးကို ထပ်နေတာပဲ။ ဧကန္တတော့ သူ့အထက်က လူကြီးကိုယ်တိုင် တိုက်ရိုက် ညွန်ကြားနေတာပဲဖြစ်မယ် ဆိုပြီး ကျမ စိတ်ထဲမှတ်ယူ ထားလိုက်တယ်။ ကျမတို့ အပြုအမူ အပြောအဆိုတွေကအစ သတိလက်လွတ် ဖြစ်မသွားရအောင် ထိန်းထားရတယ်။
သူတို့အချင်းချင်း စကားပြောပြီးနောက် အသက်ကြီးကြီး ရာထူးကြီးကြီးလို့ ထင်ရတဲ့ လူကြီးက ကျမတို့ကို စမိတ်ဆက်တော့တာပဲ။
‘‘ကျနော်တို့ စစ်ဆေး မေးမြန်းစရာနဲ့ ရှာဖွေစရာ ကိစ္စလေးတွေ ရှိလို့ အခုလို လာရတာပါ၊ ကျနော် ရဲမှုးကြီး လှမျိုးရှိန်ပါ’’
‘‘ကျနော်ကတော့ မိတ္ထီလာ ရဲစခန်းက … (ကျမနာမည်မေ့နေလို့ ရာထူးကြီးကြီးပါပဲ)ပါ’’
‘‘ကျနော်ကတော့ မြင့်ဦးပါ မိတ္ထီလာ ရဲစခန်းက ဒုရဲအုပ်ပါပဲ’’
သူတို့ သုံးယောက်စလုံး အသီးသီး မိတ်ဆက်ပြီးတော့မှ အမေက ‘‘ဟုတ်ပါပြီတော်၊ ဗိုလ်ကြီးတို့ ရှာစရာရှိတာ ရှာပါ’’ လို့  တည်တည်ငြိမ်ငြိမ်နဲ့ တုန့်ပြန်လိုက်တယ်။ ကျမကတော့ စကားမပြောနိုင်တော့ဘူး၊ စိတ်ထဲမှာ စိုးရိမ်စိတ်တွေ ကြောက်စိတ်တွေနဲ့ လုံးလည်ချာလိုက်နေလို့လေ။ ဒါပေမယ့် အိနြေ္ဒတော့ မပျက်အောင် သတိနဲ့ ထိန်းထားနိုင်ခဲ့ပါတယ်။ အမေလည်း အပြင်မှာသာ တည်တည်ငြိမ်ငြိမ်နဲ့ စကားပြောနေနိုင်ပေမယ့် စိတ်ထဲမှာတော့ ဦးဇင်းနဲ့ အဖေ့အတွက် ခေါင်းမီးတောက်နေမှာ အသေအချာပဲလို့ ကျမခန့်မှန်းမိတယ်။
ရဲမှုးကြီးလှမျိုးရှိန်ရဲ့ အပေါင်းအပါတချို့ အိမ်ထဲဝင်လာပြီး ဦးဇင်းရဲ့စာအုပ်သေတ္တာတွေကို အရင်ဖွတယ်။ ဦးဇင်းက စာဖတ် ဝါသနာကြီးသူဆိုတော့ စာအုပ်တွေ စုထားတာလည်း မနည်းဘူး။ သံသေတ္တာ ခပ်ကြီးကြီး (၄)လုံးလောက် ရှိတယ်။ အဖေ့တရားစာအုပ် သေတ္တာလည်း ရှိတယ်လေ။ အဲဒိသေတ္တာတွေက ဘုရားစင်ခန်းမှာ ထားတာဆိုတော့ အဲဒါတွေကို အရင်ဖွကြတော့တာပေါ့။ အဲနောက် တအိမ်လုံး မကျန်ရအောင်ကို အကုန်ဝင်မွှေကြတယ်။
ဦးဇင်းရဲ့ ရဟန်းဝတ်နဲ့ဓာတ်ပုံတွေ၊ ပါဠိပထမပြန် စာမေးပွဲ အောင်လက်မှတ်တွေ၊ ဦးဇင်းရဲ့ ရဟန်းဖြစ် ရက်ချုပ်တွေကို အဓိကထားပြီး သိမ်းကြတယ်။ ဦးဇင်းရဟန်းဝတ်နဲ့ ပတ်သက်တဲ့ အချက်အလက် တွေမှန်သမျှ ဘာတခုမှ မကျန်အောင်ကို တအိမ်လုံး မွှေနှောက်ပြီး အကုန်သိမ်းကြတာ။ အဲဒါတွေ အားလုံး စိတ်ကြိုက်မွှေနှောက် ပြီးတော့မှ ရဲမှုးကြီးလှမျိုးရှိန်က အမေကိုမေးတယ်။
‘‘ခင်ဗျားမှာ သားဘုန်းကြီး ရှိတယ်မလား’’
‘‘ကျမက ရဟန်းမယ်တော်ကြီးတော့’’ လို့အမေက ပြန်ဖြေတယ်
‘‘အေးအခု သူဘယ်မှာနေလဲ’’
‘‘ရန်ကုန်မှာ စာသင်နေတယ်’’
‘‘ဒါဆို ခင်ဗျား ဦးဂမ္ဘီရဆိုတာကို သိလား’’
‘‘ကျမသားဘုန်းကြီးက ဦးစန္ဒောဘာသရှင့်၊ လူနာမည်က ညီညီလွင်လို့ ခေါ်ပါတယ်’’
‘‘ကျနော်မေးတာက ဦးဂမ္ဘီရကို သိလားလို့ မေးတာပါ’’
‘‘သြော်.. ဒီပတ်ဝန်းကျင်မှာတော့ ဦးဂမ္ဘီရဆိုတဲ့ ဘွဲ့မရှိပါဘူး”
‘‘ဒါဆို ခင်ဗျားသား ဦးဇင်း ဒီအိမ်ကို နောက်ဆုံး ဘယ်အချိန်မှာ လာသွားလဲ’’
‘‘ကျမ မမှတ်မိတော့ဘူး’’ လို့ အမေက ပြောလိုက်တော့ ရဲမှုးကြီး လှမျိုးရှိန် သိပ်သဘောကျပုံမရပါဘူး
‘‘ခင်ဗျား မှန်မှန်ဖြေနော် မှန်မှန်မဖြေရင် ခင်ဗျားတို့ မိသားစု အားလုံး ရဲစခန်းကို ခေါ်သွားမယ်။ ကျုပ်တို့မှာ ခင်ဗျားတို့ အမှန်အတိုင်း ပြောထွက်လာနိုင်တဲ့ နည်းတွေ ရှိတယ်’’ လို့ ခြိမ်းခြောက်တော့တာပဲ။
‘‘ဒီတော့ အမေက ကျမ သိသလောက်ကို မကွယ်မဝှက် ဖြေတာပါ။ ဒါမှ မကျေနပ်နိုင်လို့ ဗိုလ်ကြီးတို့က ရဲစခန်းခေါ်ပြီး စစ်ချင်သပဆိုလည်း လိုက်ရုံပဲရှိတယ်။ ဒါပေမယ့် အဖြေကတော့ ဒါပဲထပ်နေမှာ၊ ကျမက ဒါပဲသိတာကိုး’’
‘‘ဒါဆို ခင်ဗျား ယောက်ျား ဘယ်မလဲ’’
‘‘အိမ်က ငွေတွေယူပြီး ထွက်သွားတာပဲ၊ ဘယ်ကို ထွက်သွားမှန်း မသိဘူး’’
‘‘ယောက်ျား ဘယ်သွားမယ်ဆိုတာကိုတောင် မိန်းမ တယောက်အနေနဲ့ မသိဘူးလား’’
‘‘ကျမနဲ့ ကတောက်ကဆဖြစ်ပြီးထွက်သွားတာ၊ အဲဒါကြောင့် မမေးမိလိုက်တာပါ’’
ဒီမေးခွန်းတွေကို နှစ်ကျော့သုံးကျော့ ပြန်မေးနေပေမယ့် အမေကလည်း ဒီပုံစံအတိုင်းပဲ ပြန်ဖြေနေတော့ ရဲမှုးကြီး လှမျိုးရှိန်အနေနဲ့ စိတ်ရှည်ပုံ မရတော့ဘူး။ ‘‘ခင်ဗျားကျုပ်ကို လိမ်နေတယ်။ ခင်ဗျား မသိပဲမနေဘူး၊ ကျုပ်လည်း ဒီလောက်တော့ မညံ့ပါဘူး’’ ဆိုပြီး ကျမတို့ကို ရဲစခန်းကို လိုက်ခဲ့ဖို့ ပြောတော့တာပဲ။
အမေနဲ့ ရဲမှုးကြီးလှမျိုးရှိန်က အသက်ချင်း သိပ်ကွာပုံမရဘူး။ ၅ဝ ကျော် ၆ဝ တန်းမှာပါပဲ။ ဒါပေမယ့် ဘယ်သူက အသက်ပိုကြီးလဲ ဆိုတာတော့ ကျမ တိတိကျကျမသိဘူး။ ကျန်တဲ့ ရဲအရာရှိလေးတွေကတော့ အန်တီလို့ ဆိုတဲ့ အသုံးအနှုန်းနဲ့ တရိုတသေ ခေါ်ကြပါတယ်။
အဲဒိည (၁၁)နာရီကျော်လောက်မှာပဲ ကျမတို့ မိသားစုအားလုံးကို ရဲစခန်းခေါ်ဖို့ ပြင်ပါတော့တယ်။ ဒီတော့ အမေက တည်တည်ငြိမ်ငြိမ်နဲ့ လိုက်ဖို့ အဆင်အသင့်ရှိသလို ကျမတို့ မောင်နှမတွေကလည်း အေးအေးဆေးဆေးနဲ့ အဝတ်အစားတွေကို ပြင်ရပါတော့တယ်။
ကျမက စာဖတ်ထားတဲ့ အတွေ့အကြုံ ရှိတယ်လေ။ ဦးဇင်းရဲ့ ကျေးဇူးနဲ့ ဆရာ ဝင်းတင့်ထွန်းရဲ့ ခြောက်တိုက်မှာ လောက်ကိုက်တာ ခံရဘူးလားဆိုတဲ့ ထောင်စာအုပ်မျိုးတွေကိုပေါ့။ ပြီးတော့ မကြာသေးခင် အချိန်ပိုင်းကလေးကပဲ အောင်ကိုကိုလွင်ကို လ္ဘက်ရည်တိုက် ခဏပါလို့ခေါ်သွားပြီး တခါတည်း ဖမ်းချုပ်ထားလိုက်တာ ဆိုတော့ ဒီလူတွေ ဘယ်လောက် ယုတ်မာရက်စက်လဲဆိုတာ ကျမခန့်မှန်းမိပြီးသား။ ကျမတို့လည်း ခဏနဲ့တော့ ပြန်လာရမယ် မထင်ဘူး၊ ကောင်းကောင်းတော့ ညှဉ်းဆဲကြအုံးမှာပဲလို့ စိတ်ထဲမှာ သိနေတယ်။ ဒါကြောင့် အနွေးထည်အစရှိတဲ့ အဝတ်အစား တချို့ကို ပြင်ရတာပေါ့။
အပြင်ရောက်တော့မှ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်တော့ ရဲကား ၂ စီးနဲ့ ဆိုင်ကယ်ဆိုတာ ပလူပျံနေအောင်ပဲ အိမ်ပတ်ပတ်လည်မှာ ရပ်ထားလိုက်တာ။ ရဲကားပေါ်မှာ ယူနီဖောင်းအပြည့်နဲ့ လက်နက်ကိုင် ရဲတပ်သားတွေ ရှိသလို အရပ်ဝတ်နဲ့ရဲတွေ၊ ကြံဖွံ့တွေ၊ ရယကတွေကလည်း ဆိုင်ကယ် ကိုယ်စီကိုယ်စီနဲ့ အားလုံးပေါင်း အယောက် (၆ဝ) ဝန်း ကျင်လောက် ရှိမယ်ထင်တယ်။
အိမ်ပတ်ဝန်းကျင်က လူတွေတော့ ကျမတို့ မိသားစုကို ဘယ်လိုထင်မလဲ မသိဘူး။ စက်မှုဇုံ ၅လမ်းလည်း ဆိုင်ကယ်နဲ့ ပြည့်နေသလို စက်မှုဇုံ ၄ လမ်းဘက်ကို ထွက်တဲ့ ကျမတို့ အိမ်ဘေးလမ်းကြားလေးမှာလဲ ဆိုင်ကယ်ကိုယ်စီနဲ့ စကားပြောစက် ကိုင်ထားတဲ့ လူတွေ ကျမတို့အိမ်ကို ဝိုင်းထားလိုက်တာများ ရန်သူစခန်းတခုကို ဝင်သိမ်းနေသလား မှတ်ရတယ်။
ရဲကားပေါ်ရောက်တော့ ‘‘တို့မိသားစု ၃ယောက်ကို လာဖမ်းတာများ အဲလောက် လူအင်အား သုံးရတယ်လို့ဟယ်’’ ဆိုပြီး ကျမက ကျမမောင်လေး လွင်မောင်မောင်ကို ပြောမိလိုက်တယ်။ ဒီတော့ လက်နက်ကိုင်ထားတဲ့ ရဲသား တယောက်က လှည့်ကြည့်ပြီး ‘‘နယ်မြေခံ အဖွဲ့အစည်း အစုံပါတယ်။ တိုင်းက ဆင်းလာတဲ့ အရာရှိတွေကော ပါလို့ဗျ’’ ဆိုပြီး အကြောင်းပြချက် ပေးတော့တာပဲ။
အဲဒိနောက် ကျမတို့ အိမ်မှာ နယ်မြေခံ ရဲ(၃)ယောက်ကို ပေါ်ပေါ်တင်တင် အိမ်စောင့်ထားပြီး ကျန်တဲ့ ရဲတချို့က ကျမတို့နဲ့ အတူ ပြန်လိုက်ဖို့ ပြင်ကြတယ်။ သိပ်မကြာခင်မှာပဲ ကျမတို့ကို တင်ဆောင်မယ့် ရဲကားကြီးလည်း စထွက်ပါတော့တယ်။ ရဲကားတစီးက ကျမတို့ကား ရှေ့ကသွားလို့ ၊ နောက်က ဆိုင်ကယ်နဲ့လိုက်တဲ့ လူတွေကလည်း တပြုံကြီးဆိုတော့ ကိုယ့်ကို အားပေးရင်း ကိုယ်မောင်လေးကိုလည်း စိတ်ဓါတ်မကျအောင် အားပေးရင်းဆိုပြီး ‘‘ဒီလို အစောင့်အရှောက်တွေ အများကြီးနဲ့ တခါမှ ခရီးမသွားဘူးတော့ ရင်ထဲမှာ ခံစားရတာ တမျိုးလေးနော်’’ ဆိုပြီးကျမ ဟာသလေးဖောက်လိုက်တယ်။ ဘေးက ရဲသားလေးတွေကတော့ မကြည်ဘူးပေါ့။ သူတို့ကို ဖမ်းလာတာများ စကားကြီး စကားကျယ်နဲ့ လာပြီး မာန်တက်ပြနေတယ်လို့ ထင်နေမလားပဲ။
မေရနံ့
မဇ္ဈိမ သတင်းဌာနမှ ကူးယူဖော်ပြသည်။
ပထမ ရွှေကျင်ဆရာတော်ကြီး သြ၀ါဒ
ကာလကို လူမစားလျှင် လူကို ကာလစားသည်။
သည်းခံခြင်း လက်နက်ဆောင်လျှင် ဒေါသမီးမလောင်၊
ဒုတ် လက်နက်ဆောင်လျှင် ခွေးဟောင်သည်။
မဟာဂန္ဓာရုံဆရာတော်ကြီး သြ၀ါဒ
အကျိုးမထွက်၊ ထိုနေ့တွက်၊သက်သက် ၀မ်းနည်းဖွယ်။
ယောဆရာတော်ကြီး သြ၀ါဒ
သရဏဂုံ၊ စိတ်ဝယ်ထုံ၊လုံခြုံအေးမြသည်။
ငါးပါးသီလ၊ စောင့်ထိန်းက၊ဘ၀ခန္ဓာလုံခြုံသည်။
မေတ္တာတရား၊ အစဉ်ပွား၊စွမ်းအားပိုင်ရှင်ဖြစ်ရသည်။
အနိစ္စဟု၊ မြင်အောင်ရှု၊ပူမှုကင်းလွတ်သည်။
တရားငါးမျိုး၊ လူ့တန်ခိုး၊ကောင်းကျိုးစည်ပင်သည်။
မဇ္ဈိမဂုဏ်ရည်ဆရာတော်
{ဘုရားနဲ့ သံဃာတွေ ကြွတယ်ဆိုတာ လူသားတွေရဲ့ သောက၊ဒုက္ခတွေ ကင်းဝေးဖို့ကြွရတာပါ။ ကျန်တဲ့ ရည်ရွယ်ချက်မပါဘူး။ လူသားတွေ တရားထူးတရားမြတ် ရမယ်၊ လူသားတွေ သောကအပူတွေကင်းမယ်၊ ဒုက္ခဆင်းရဲတွေ လွတ်မြောက်မယ်ဆိုရင် "ဘုရားနဲ့ ဘုန်းကြီး" ဆိုတာ ၀ါသနာပါတတ်ပါတယ်}
U Gambira
ဂမ္ဘီရခေါ်တွင် ထိုအရှင်မှာ သက်တော်နုနယ် ၀ါဂုဏ်မကြွယ်လည်း သူ၏အသိ ညာဏ်အရှိကား မတရားမမှန် တွန်းလှန်ရန်နှင့် အမျိုးဘာသာ သာသနာအကျိုး ဆထက်တပိုး တိုးသထက်တိုးအောင် စွမ်းဆောင်လိုစိတ် ရင်ဝယ်သိပ်၏........................... ကိုမော်။
ဓမ္မစာမျက်နှာများ
မကြောက်ကြနဲ့
ဒို့ဘိုးဖွားခေတ် ကျွန်ပင်ဖြစ်လဲ၊
မဟုတ်မခံ နောက်မချန်ဘဲ၊
မကြောက်မရွံ နောက်မတွန့်ခဲ့။
သားမြေဒို့ခေတ် သခင်ဖြစ်မှ၊
သတ်ခံဖြတ်ခံ ပစ်ခတ်ခံနှင့်၊
ထိုးခံနှက်ခံ နှိက်စက်ခံဟု၊
ခံခဲ့ချည်းသာ နေကြပါမူ၊
နဂါးသော်ဘိ မြွေငယ်ဧ။်သို့
မြန်မာဆိုတာ လူတကာက
ကျွန်သဘောက်ဖွား ငကြောက်များဟု၊
မလောက်မလား ထင်မှောက်မှားလိမ့်။
သကျ-ရဟန်းပျိ
နည်းပညာဘလော့များ
-
ဝင်းမင်းသန်း နောက်ဆက်တွဲ18 hours ago
-
-
ကြယ်တွေစီးတဲ့မြစ်...3 weeks ago
-
-
Will Bunting Losers?1 year ago
-
-
MOVED: help me1 year ago
-
Diabolic Diary ကို ဆက်မရေးတော့ပါ2 years ago
-
Welcome to www.myanmaritmen.com2 years ago
-
-
-
PhotoSmash Gallery Plugin2 years ago
-
-
000webhost နဲ့ ကျွန်တော်3 years ago
-
-
ထွေရာလေးပါ3း years ago
-
လိပ်စာပြောင်းရွေ့သွားခြင်3း years ago
-
-
လိပ်စာပြောင်းချင်း4 years ago
မကြာခဏရောက်ဖြစ်တယ်
-
-
သမိုင်းစာမျက်နှာ (၂)9 hours ago
-
-
-
-
-
-
ပြည်တွင်းစစ်1 week ago
-
ဘယ်သူမှ မဖတ်ချင်တဲ့ ကဗျာ1 week ago
-
-
ဒီလိုတွေလည်း ရှိတတ်ပါတယ်2 months ago
-
မဟာရာဇိကာရုံ၏ ပုံရိပ်4 months ago
-
တိုင်းပြည် အပြောင်းအလဲ5 months ago
-
-
Nobel peace prize: the contenders5 months ago
-
စိန်လူသား (၀တ္ထုတို)6 months ago
-
-
-
New address!1 year ago
-
မပြီးဆုံးသေးသော ဒီဇင်ဘာ1 year ago
-
အမြင့်ပျံ တေးသီငှက်၏ ခြေရာများစွာ1 year ago
-
Hollis Woods2 years ago
-
-
-
-
-
၂၀၁၀ အမှီ လုပ်ကြမည်2 years ago
-
-
-
-
အဖွဲ့အစည်းများ
သတင်းဌာနများ
မြန်မာ့အတင်းဌာနများ
Saturday, September 11, 2010
ရွှေဝါရောင် အလွန်မှာ - အပိုင်း (၁)
Monday, October 12, 2009
ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ အပိုင်း - ၇
ဆောင်းပါး
ကိုမော်
ကြာသပတေးနေ့၊ အောက်တိုဘာလ 08 ရက် 2009 ခုနှစ် 15 နာရီ 46 မိနစ်
စက်တင်ဘာလ ၉ ရက်နေ့ နံနက်တွင်မှ မိမိသည် သာစည်မြို့ရှိ ဒကာတဦးနှင့် တွေ့ဆုံခဲ့ရပြီး မြေလတ်ဒေသတွင်း ဆက်သွယ်ရေးကိစ္စများ လွယ်ကူချောမွေ့စေရန် ဆွေးနွေးညှိနှိုင်း ခဲ့ကြသည်။ လတ်တလော အခြေအနေသည် မိမိတို့အတွက် ပြင်ဆင်ချိန်ကာလ အလွန်နည်း နေပြီဖြစ်သလို လုံခြုံရေးအရ အထူးဂရုစိုက်ရမည့် အချိန်လည်း ဖြစ်ပါသည်။
ထို့အတူ ခရီးစဉ်သည် ဝါတွင်းကာလ ဖြစ်နေ၍ ခရီးသွားခွင့် အကန့်အသတ်ရှိသဖြင့် အချိန်အတော်များများကို ကားနှင့် ရထားပေါ်တွင်သာ ကုန်ဆုံးစေပြီး ဒေသတခွင် စုံလင်အောင် လှည့်လည်ရတော့သည်။
ထိုစဉ် အခြေအနေအရ မြင်းခြံမြို့ဘက်သို့ကူးရန် လတ်တလော အရေးကြုံလာ၍ မြင်းခြံသို့ ခရီးဆက်ခဲ့ရ၏။ မြင်းခြံတွင်လည်း မိမိ၏ လုပ်ငန်းစဉ်ကိစ္စတချို့နှင့် ပတ်သက်ပြီး တွေ့ဆုံစရာရှိသည့် ရဟန်းသံဃာများနှင့် လူပုဂ္ဂိုလ်တချို့ကို တွေ့ဆုံနိုင်ရန် ကြိုးစားစီစဉ်ခဲ့ပြီးမှ စက်တင်ဘာ ၁၀ ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့သို့ပြန်ခဲ့ရသည်။
ကျောက်ပန်းတောင်းသို့ ရောက်ပြီးနောက် သံဃာ့တပ်ပေါင်းစု ဖွဲ့စည်းပြီးကြောင်းနှင့် တောင်းဆိုမှုများကို ဂဃနဏ သိရတော့၏။ ထိုအဖွဲ့အစည်းကို ဦးဂမ္ဘီရတို့ ဦးဆောင်ကာ ဖွဲ့စည်းနိုင်ခဲ့ကြောင်း ကြားသိရ၍ သေချာအောင် ဆက်သွယ်စုံစမ်းရန် ကြိုးစားခဲ့သည်။
ကျောက်ပန်းတောင်းသည် စာသင်သား သံဃာတော်များ အများအပြား သီတင်းသုံးနေထိုင်ရာ ဒေသဖြစ်ပြီး မိမိတို့ ချိတ်ဆက်ထားရာ ဆရာတော်ကြီးများ သီတင်းသုံးရာ စာသင်တိုက်တချို့လည်း ရှိထားခဲ့သည်။ သို့ပေမဲ့ လုံခြုံရေး အခြေအနေအရ ဝင်ရောက်တွေ့ဆုံနိုင်ခြင်း မရှိခဲ့သည့်အပြင် မိမိ၏ အခြေအနေပင် မဟန်ဖြစ်ခဲ့ရ၏။
ထိုစဉ်က ခရီးသွားခွင့်အရလည်း ဝါတွင်းကာလဖြစ်၍ ၇ ရက်သာ ရှိသည်။ သို့ဖြစ်၍ ကျန်ရှိသည့် ကိစ္စရပ်တချို့ကို မိတ်ဆွေတဦးထံ လျှို့ဝှက်စွာ လွှဲပြောင်းပေးခဲ့ပြီး၊ မိမိ၏ လုပ်ငန်းစဉ်ကို အဆုံးသတ်ကာ ကျောက်ပန်းတောင်းမှ မိုင် ၂၀ ကျော်ကွာဝေးသည့် စလေမြို့သို့ တိတ်တဆိတ် ထွက်ခွာခဲ့သည်။
ထို့နောက် စလေနှင့် ချောက်မြို့သွားရာ လမ်းမကြီးကို ချိတ်ဆက်ထားသည့် မိုလာလမ်းခွဲအရောက် ချောက်မြို့မှ ရန်ကုန်သို့ ထွက်မည့်ကားကို လမ်းဖြတ်စောင့်ကာ ရန်ကုန်သို့ ပြန်ဆင်းခဲ့လေတော့သည်။
စက်တင်ဘာ ၁၁ ရက်နေ့ နံနက်တွင် မိမိသည် ရန်ကုန်သို့ ပြန်ရောက်ခဲ့ပါသည်။ ရောက်ရှိပြီးနောက် ဦးဂမ္ဘီရနှင့်အဆက်အသွယ်ရရန် အားထုတ်ရပြန်သည်။ ဦးဂမ္ဘီရသည် သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး ဖွဲ့ပြီးသည်ဖြစ်၍ လုံခြုံရေးအရ လူတော်တော်များများနှင့် အဆက်အသွယ် ဖြတ်ထားခဲ့သည်။
ထိုနေ့တွင် လူတဦးထံမှ ဦးဂမ္ဘီရတို့ အခြေအနေတချို့ကို ကြားသိခဲ့ရပြီး မိမိနှင့်လည်း အဆက်အသွယ် ပြန်ရခဲ့သည်။ ထို့နောက် မိမိ၏ ခရီးစဉ် အခြေအနေများ၊ ခြုံငုံသုံးသပ်ချက်များကို အပြန်အလှန် ဆွေးနွေးပြီး သံဃာ့တပ်ပေါင်းစုကြီးမှ ကြေညာထားသည့် စက်တင်ဘာ ၁၈ ရက်နေ့ကို စစ်အာဏာပိုင်များမှ အကြောင်းမပြန်ခဲ့ပါက သံဃာထု အင်တိုက်အားတိုက် ထွက်ပေါ်လာနိုင်ရေးအတွက် သံဃာတပါးနှင့်အတူ လူငယ်တချို့၏ ပံ့ပိုးမှုဖြင့် အားထုတ် ရတော့သည်။
အကယ်၍ သံဃာတော်များ၏ နောက်ဆုံးထား တောင်းဆိုမှုအား စစ်အာဏာပိုင်များမှ ဥပေက္ခာပြု၊ လျစ်လျူရှုခဲ့ပါက မိမိတို့သံဃာထုအတွင်း စည်းရုံးလှုံ့ဆော်ထားမှုကို အဆင်သင့် ဖြစ်စေရန် အမာခံ သံဃာတော်များကို အဓိက စုဆောင်း ခဲ့သည်။
ထိုစဉ် မိမိတို့အဖွဲ့တွင်း အငြင်းအခုံ ဆွေးနွေးရသည်မှာ အကယ်၍ နအဖ မှ မိမိတို့ တောင်းဆိုသည့်အတိုင်း လိုက်လျောမှု မရှိပါက မေတ္တာပို့၊ ဆန္ဒထုတ်ဖော် ကြမည်ဆိုသော် ဦးဆောင်ချီတက်မှု အခန်းကဏ္ဍကို ဘယ်လိုဘယ်ပုံ ဖန်တီးကြမည် ဆိုသည့်ကိစ္စအား အဓိကထား ဆွေးနွေး ခဲ့ရသည်။ သို့သော် တူညီသည့် အဖြေတခု သတ်သတ်မှတ်မှတ် မရရှိဘဲ ဖြစ်ခဲ့ကြသည်။
တချို့သံဃာများကလည်း ဦးဆောင်ချီတက်ရာတွင် အတွေ့အကြုံအရ အစဉ်အလာ ရှိကြသူများကို အစီစဉ်တကျ ဦးဆောင်စေချင် ကြသည်။ ဆန္ဒထုတ်ဖော်ပွဲကြီး ဖြစ်ပေါ်လာတော့မှ မည်သူ့ ဦးဆောင်မှုနောက်ကို မည်သို့ လိုက်ရမှန်းမသိ ဖြစ်နေရင်လည်း ထိုကိစ္စသည် ကစဥ့်ကလျားနှင့် အချည်းအနှီးသာ ဖြစ်သွားမည်ကို စိုးရိမ်ကြ၏။
မိမိတို့ကလည်း ကိုယ်တိုင်ပါဝင်ပြီး ဒီသံဃာထုအတွင်း၊ လူထုတွင်း ဆက်စပ်မှု အနေအထားများကိုအခက်အခဲကြားက ကြိုးစားတည်ဆောက် ထားရသည်ဖြစ်၍ ဒီပွဲတခုတည်းဖြင့် မိမိတို့ အင်အားစုများကို အင်တိုက်အားတိုက် ထုတ်ဖော်လိုခြင်း မရှိသေးပေ။ အကယ်၍ နောက်ဆုံး တိုက်ပွဲ အဆင့်ဟု ဆိုနိုင်မည် ရှိသော်တောင်မှ စဉ်းစားရဦးမည်ဟု မှန်းထား၏။
ထို့ပြင် မိမိတို့အနေနှင့် သံဃာ့တပ်ပေါင်းစုက ကြေညာလှုံ့ဆော်ထားသည့် ကိစ္စကို အားစမ်းပွဲတခုအဖြစ်သာ ရှုမြင်ထားပြီးလည်း ဖြစ်သည်။ အလုံးစုံအောင်မြင်မှုဆိုတာ ရေရာသေချာခြင်း မရှိသေးသည့် အားစမ်းပွဲတခုကို အမာခံအင်အားများ ဖြုန်းတီးလိုက်သည့် ပွဲတခုအဖြစ် အကောင်အထည် ပေါ်မသွားဖို့ အဓိက ဂရုစိုက်ခဲ့ရသည်။
ထိုသို့ ဆွေးနွေးမှုများကို ဦးဂမ္ဘီရနှင့်လည်း ထပ်မံဆွေးနွေးရာ ဦးဂမ္ဘီရက “အရှင်ဘုရားတို့အနေနဲ့ အဓိက လုပ်စေချင်တာက သံဃာထုတွင်း စည်းရုံးလှုံ့ဆော်မှုကိုပဲ လျှို့ဝှက်ကျစ်လစ်စွာလုပ်ဖို့ ခေါင်းထဲ အဓိက ထည့်ထားပါ ဘုရား။ ဦးဆောင်မှု အခန်းကဏ္ဍကတော့ လှုပ်ရှားမှုကြီးအတွင်း ပေါ်လာပါလိမ့်မယ်။
အဲဒီအတွက်ကပူစရာ မလိုပါဘူး။ အစဉ်အဆက်က တိုက်ပွဲအတွေ့အကြုံရှိတဲ့ ကိုယ်တော်တွေ ရန်ကုန်မြို့မှာ အများကြီးပါ။ သူတို့တွေ အလိုလို ရှေ့တန်းကို ရောက်လာပါလိမ့်မယ်။ အရှင်ဘုရားတို့က လုပ်နေကြ ဆောင်ပုဒ်အတိုင်း ရေရှည်မြှုပ်နှံနိုင်ဖို့သာ စိတ်စောထားကြပါ''
''တပည့်တော်တို့ လုပ်တယ်ဆိုတာကလည်း တကယ်တမ်းတော့ အဖိနှိပ်ခံ လူထုရှေ့က မားမားမတ်မတ် ထွက်ရပ်တယ်ဆိုတာကို ဖော်ပြချင်တာ ပါပဲ။ ဘယ်သူ့ကိုတော့ သာစေ၊ ဘယ်သူ့ကိုတော့ နာစေဆိုတဲ့ စိတ်ထားမျိုး တပည့်တော်တို့မှာ မရှိသလို၊ မထားကြဖို့လည်း အထူးလိုအပ်တယ် ဘုရား။ တပည့်တော်တို့ သံဃာတွေ မေတ္တာပို့မယ် ဆိုတာလည်း ဒီသဘောပါပဲ။ အားလုံးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးအေးချမ်းချမ်း နေစေချင်တာ တကယ့်စိတ်ထားပါ''
''အရှိအတိုင်းပြောရရင် တပည့်တော်တို့က ကိုယ်နဲ့အနီးကပ်ဆုံး ဆက်ဆံနေရတဲ့ ဆွမ်းဒကာ၊ ဒါယိကာမတွေကအစ ကျပ်တည်း ဆင်းရဲနေကြ တာမလို့၊ မနေသာလို့ ထလုပ်နေကြရတာ။ ဆူပူချင်လို့၊ အာဏာလိုချင်လို့၊ နေရာလိုချင်လို့ လုပ်နေကြတာမှ မဟုတ်ဘဲ။
ဒီမိုကရေစီရလည်း တပည့်တော်တို့ ဘုန်းကြီးဆိုတာက နေရာရဖို့လည်း မျှော်လင့်စရာမရှိ၊ အာဏာရဖို့ဆိုတာလည်း စိတ်ထဲတောင် ထည့်မထား ပါဘူး။ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဆင်ပြေကြတယ်ဆိုရင်ပဲ တပည့်တော်တို့ ပေးဆပ်ရတာ တကယ် တန်ဖိုးရှိလှပြီလို့ ဆိုရမယ်။
ဒီလို အေးချမ်းမှု၊ ငြိမ်းချမ်းမှုကို အခြေခံပြီး မေတ္တာနဲ့ချဉ်းကပ်မှလည်း တပည့်တော်တို့ သံဃာ့အဖွဲ့အစည်းက သံဃာပီသမယ်။ ဒါကို ဘာသာရေး ရှုထောင့်အရ ချဉ်းကပ်နည်းလို့လည်း ဆိုလို့ရနိုင်မယ် ထင်တယ်ဘုရား။ တပည်တော်ကတော့ ဒီအတိုင်းခံယူတယ်” ဟု ဆိုခဲ့၏။
ထိုသို့ဖြင့် မိမိတို့၏ အဓိက လုပ်ငန်းစဉ်ကို ဦးဂမ္ဘီရ အကြုံပြုသည့်အတိုင်း အတတ်နိုင်ဆုံး အကောင်အထည် ဖော်နိုင်ဖို့ ကြိုးစားခဲ့ရ ပါတော့သည်။
ထိုစဉ်က နိုင်ငံရေး လှုပ်ရှားမှုလုပ်ငန်းစဉ် တချို့မှာ သံဃာတော်များအနေနှင့် ပူးပေါင်းပါဝင်မှု ရှိနေသည် ဆိုသည်မှာ အမှန်တကယ်တွင် ဘာသာရေးအား နိုင်ငံရေး၊ လောကီရေးရာများနှင့် ရောထွေးသွားစေရန်၊ ဘာသာတရားကို ခုတုံးလုပ်ပြီး နိုင်ငံရေး လုပ်ငန်းစဉ်များကို ဝင်ဆံ့ စေရန်၊ နိုင်ငံရေး သြဇာအရှိန်အဝါ ကြီးမားရန် အားထုတ်ခဲ့ခြင်း မဟုတ်ပါ။
အခြေအနေအရ နီးစပ်ရာ၊ စိတ်တူကိုယ်တူဖြစ်ရာ ရဟန်းချင်း စုစည်းမှုများမှနေ၍ မျက်မှောက်ခေတ် တိုင်းပြည်၏ အခြေအနေအရပ်ရပ်ကို စကားစပ်မိကြရင်း ဆွေးနွေးတိုင်ပင်မှုများမှ အဖိနှိပ်ခံ ပြည်သူလူထုနှင့် ဖိနှိပ်အုပ်စိုးသူ စစ်အာဏာပိုင်ကြား ပြေလည်ရာ ပြေလည်စေကြောင်း နည်းလမ်းကောင်းများကို ရှာဖွေမိခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့သော စိတ်စေတနာကောင်းများကို အခြေခံကာ သံဃာထုတရပ်လုံး လမ်းမပေါ်ထွက် မေတ္တာပို့ကြွချီနိုင်ရန်အထိ အားထုတ်ခဲ့ကြခြင်းသာ ဖြစ်သည်။
စိတ်အရင်းခံ အရဆိုရလျှင် မိမိတို့၏ ပြည်သူများ ဆင်းရဲနေပြီ၊ တိုင်းပြည်ကြီးတွင် ဘာသာတရားကို ခုတုံးလုပ်ပြီး ကိုယ့်ပြည်သူကို လိမ်ညာ လှည့်ဖြားနေသည့် အုပ်စိုးသူများ တနေ့ထက်တနေ့ ဆိုးရွားလာနေပြီ၊ လူတဦးချင်းစီ၏ကိုယ်ကျင့်သီလတွေမှာလည်း နိုင်ငံရေးစနစ် တည်ငြိမ်ကောင်းမွန်မှု မရှိသည့်အပေါ် အခြေခံပြီး တစထက်တစ ယုတ်လျော့ကျဆင်းနေပြီ၊ ဤသည်များမှာ မိမိတို့ ဘာသာ၊ မိမိတို့ သာသနာ၏ ပျက်စီးရာပျက်စီးကြောင်း လမ်းစများပင်။ ဤစနစ်ဆိုးကြီးများ၊ လက်နက်အားကိုး ဖိနှိပ်မှုများသည် လူသားအားလုံးအတွက် သမိုင်းအစဉ်အဆက် ကောင်းခဲ့သည်မဟုတ်။ အားလုံးမှာ စနစ်တခုပေါ်မှာပဲ မူတည်သည်။
ဤစနစ်ဆိုးကြီးများကို ပြုပြင်ပြောင်းလဲနိုင်ရန် မကောင်းမှု၊ အကုသိုလ်အလုပ်များကို တားမြစ်နိုင်ရေး တာဝန်သည်လည်း ယခုလို သာသနာ့ ဝန်ထမ်း ရှင်ရဟန်းများ အပေါ်တွင် အပြည့်အဝ တာဝန်ရှိလာပြီဟု နေ့စဉ် အဖန်ဖန်အထပ်ထပ် ရှုမြင်မိ ကြခြင်းသည် လက်တွေ့ ဖြစ်ရပ်များ ဖြစ်သည်။
ယခုလို ရှုမြင်သုံးသပ်မှုများမှနေပြီး မှားယွင်းနေမှုများကို အမှန်ပြင်ရန် တွန်းပို့နိုင်ရေးသည် နီးစပ်ရာ၊ ခင်မင်ရင်းနှီးရာ သံဃာအချင်းချင်း စုပေါင်း လမ်းစရှာရင်း၊ လေ့လာစူးစမ်းရင်းက ရဟန်းပျိုသမဂ္ဂလို၊သံဃာ့သာမဂ္ဂီလို၊ သောတုဇနဘိက္ခူလို၊ သံဃာ့တပ်ပေါင်းစုလို အဖွဲ့ကြီးများ၊ အသင်းအပင်းများနှင့်ဖြစ်ပြီး ညီညွတ်စွာ ပူးပေါင်း ပါဝင်ကြသဖြင့် ၂၀၀၇ သံဃာတော်များ မေတ္တာပို့လမ်းလျှောက်ကြွချီမှုကြီး အောင်မြင်စွာ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်သည်။
ဤသည်ကို ကြိုးစားဖော်ထုတ်ကြတာကလည်း ပြည်တွင်းက အဖိနှိပ်ခံလူထုနှင့် တသားတည်းရှိနေသည့် စာချ၊ စာသင် အလုပ်ခွင်က ရဟန်း သံဃာတော်များ ဖြစ်ပါသည်။
ဒီကနေ့ ကြေညာချက်ထုတ်၊ နောက်တနေ့ လှုပ်ရှားမှုဖြစ်ဆိုတာမျိုး၊ ဒီလ ကြေညာချက်ထုတ် နောက်လ ပတ္တနိက္ကူဇ္ဇန ကံဆောင်ပွဲ ဖြစ်ရမည် ဆိုသည့် စိတ်ကူးမျိုးနှင့် လုပ်ခဲ့ကြခြင်း မဟုတ်ပါ။ အနှိပ်ကွပ်ခံ သံဃာထုတွင်း၊ လူထုတွင်းကို လက်တွေ့ကျကျ အချိန်ယူစည်းရုံးပြီး မိမိတို့ ကျွမ်းကျင်ရာ ကာလဒေသအလိုက် ဆက်စပ်လှုပ်ရှားမှု အနေအထား များကို အခိုင်အမာတည်ဆောက်ကြပြီးမှ လှုပ်ရှားမှုကြီး စနစ်တကျ ဖော်ဆောင်နိုင်ရန် အားထုတ်ခဲ့ကြတာပါ။
ဤနေရာမှာ ကုန်ဈေးနှုန်း၊ ဆီဈေးနှုန်း အဆမတန်မြင့်တက်လာသဖြင့် လှုပ်ရှားမှုကြီး အကောင်အထည် ပေါ်ရန်အတွက် အခွင့်အလမ်းများ ဖြစ်စေသည်ဆိုသည်က အမှန်တော့ လတ်တလော အကြောင်းအရင်းပါ။
ထိုအချက်အလက်များ ပြည့်စုံမှုကြောင့်လည်း ၈၈၈၈ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး နောက်ပိုင်းမှာ အကြီးမားဆုံးနှင့် အကျယ်ပြန့်ဆုံး၊ သမိုင်းမှာ ယဉ်ကျေးသိမ်မွေ့မှု အရှိဆုံး လူထုလူတန်းစား၊ အလွာအသီးသီး ပါဝင်သော လှုပ်ရှားမှုကြီးဖြစ်ခဲ့သလို ဗုဒ္ဓဘာသာ သာသနာ့ သမိုင်းမှာလည်း အခမ်းနားအဆုံးနှင့် အကြီးကျယ်ဆုံး ဖြစ်သော သံဃာတော်များ၏ မေတ္တာပို့ လမ်းလျှောက်ကြွချီမှုကြီး တနည်းအားဖြင့် အဖိနှိပ်ခံ လူထုရှေ့က မားမားမတ်မတ် ရပ်တည်မှုကြီးပဲ ဖြစ်ခဲ့ပါတော့တယ်။
တချို့ကိစ္စတွေဟာ လောကီသား နိုင်ငံရေးသမားများ၏ လုပ်ရိုးလုပ်စဉ်အတိုင်း၊ သုံးနှုန်းခေါ်ဆိုကြပုံအတိုင်း ခပ်ဆင်ဆင် ဖြစ်သွားတာများ၊ ရဟန်းတော်တပါးအနေနှင့် ဝိနည်းတော်အရ မသင့်တော်စရာကိစ္စလေးများ ဖြစ်ခဲ့တာလည်း ရှိကောင်းရှိနိုင်ပါသည်။ ဤသည်က အမှန်ကမူ စစ်အုပ်စု၏ ဖိနှိပ်ချုပ်ချယ်မှုများကြောင့် အခြေအနေအရ မသင့်တော်သည့် ဘက်သို့ ယိမ်းယိုင်သွားခဲ့ရခြင်းပါ။ များသောအားဖြင့်မူ ဘာသာရေး ရှုထောင့်မှနေ၍ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို ချဉ်းကပ်နိုင်ရန် ကြိုးစားခဲ့ကြခြင်း ဖြစ်ပါသည်။
(ပြီးပါပြီ)
(ရွှေဝါရောင်တော်လှန်ရေးမတိုင်မီ အနီးဝန်းကျင်မှ မိမိ တွေ့ကြုံဖြတ်သန်းခဲ့ရသည်များကို တစိတ်တဒေသအားဖြင့် ပြန်လည်ရေးသားတင်ပြသည့် ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ ဤတွင် ပြီးပါပြီ။)
(ထိုကာလများတွင် မိမိသည် စာသင်သား သံဃာတပါးအနေဖြင့် သာသနာ့တာဝန်ကို ထမ်းဆောင်ခဲ့သည်ဟု ဆိုနိုင်သော်လည်း ယခုအခါတွင်ကား လူဝတ်ဖြင့် နယ်စပ်ဒေသတနေရာ၌ ရပ်တည်နေရပြီဖြစ်သည်။)
မဇ္ဈိမသတင်းဌာနမှ ပြန်လည်ကူးယူဖော်ပြသည်။
Monday, September 28, 2009
ကြုံရဆုံရ ရွှေဝါရောင် တော်လှန်ရေး အကြိုကာလ(အပိုင်း - ၆)
ဆောင်းပါး
ကိုမော်
တနင်္လာနေ့၊ စက်တင်ဘာလ 21 ရက် 2009 ခုနှစ် 14 နာရီ 05 မိနစ်
၂၀၀၇ စက်တင်ဘာလ ၅ ရက်နေ့ မနက်တွင် မိမိသည် ရဟန်းပျိုသမဂ္ဂ မြေလတ်ဒေသဆိုင်ရာ အဖွဲ့ဝင် သံဃာများလည်းရှိပြီး တနှစ်တာ အတွေ့အကြုံအရ ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်နေသည့် မကွေးတိုင်း ရေနံချောင်းမြို့သို့ စတင် ရောက်ရှိခဲ့ပါသည်။
မိမိအတွေ့အကြုံအရ ရေနံချောင်းမြို့သည် အမျိုးသားရေး နိုးကြားမှု အားကောင်းသည့် မြို့ဖြစ်သည်ဟု ဆိုရမည်။
လွတ်လပ်ရေးနေ့ ရောက်တိုင်း သံဃာတော်များအား ဆွမ်းလောင်းလှူ ပွဲကြီးကို တခမ်းတနား ကျင်းပလေ့ရှိပြီး လွတ်လပ်ရေးနေ့ မရောက်မီ တလနီးပါးလောက် အလိုကပင် အလှူခံထွက်မှု၊နှိုးဆော်တိုက်တွန်းမှု အစရှိသည့် လုပ်ငန်းများကို မြို့နယ်အနှံ ကျေးရွာပါ မကျန်ရအောင် ကြိုးစား ဆောင်ရွက်လေ့ ရှိကြသည်။ အလှူခံထွက်ရာ ခရီးလမ်းတလျှောက်လုံး ဇာတိမာန် အစရှိသည့် မျိုးချစ်စိတ် ထက်သန် စေနိုင်သော တေးသီချင်းများ အပြောအဆိုများကို အသုံးပြုကာ လှည့်လည် အလှူခံလေ့ ရှိသည်။
မိမိနေခဲ့စဉ် ကာလတွင်း လွတ်လပ်ရေးနေ့အတွက် သံဃာတော်များ ဆွမ်းလောင်းမှု အလှူဒါနကို ပြုလုပ်ရန် ခွင့်တောင်းခံရာတွင် အဆင်မပြေခဲ့ကြောင်း ကြားသိခဲ့ရသည်။ နောက်ပိုင်း ခရိုင်အဆင့်၊ တိုင်းအဆင့်ထိ နာယက လူကြီးမင်းများ ကြိုးစားပြီး ဆောင်ရွက်တော့မှသာ တလနီးပါးအလိုတွင် အဆင်ပြေ ခဲ့ကြကြောင်း သိရ၏။ သို့သော် ဇာတိမာန်အစရှိတဲ့ နိုင်ငံရေး တေးသီချင်းများ ဖွင့်ခြင်း၊ ဟောပြောခြင်းများ မပြုလုပ်ရန် တားမြစ်ထားသည်ဟုလည်း ဆိုကြသေးသည်။ ဘာပဲဖြစ်ဖြစ် တကယ်တမ်းအလှူခံတော့ ထိုသီချင်းခွေများ၊ ဟောပြောမှုများဖြင့်သာ ကြီးကျယ်ခမ်းနားစွာ ကျင်းပနိုင်ခဲ့ကြသည်။ ဤသည်ကား ရေနံချောင်းမြို့သူ၊ မြို့သားများ၏ ညီညွတ်မှု ရလဒ်ပင်တည်း။
ရေနံချောင်းမြို့တွင် အဓိကအားဖြင့် ရွှေတောင် ပါဠိတက္ကသိုလ်၊ မဟာဓမ္မိကာရာမ စမ္ပာယ်ရုံ စာသင်တိုက်၊ ရွှေစေတီ ပါဠိတက္ကသိုလ် ဆိုပြီး သံဃာအားကောင်းသည် စာသင်တိုက်ကြီး (၃) တိုက် ရှိသည်ဟု လေ့လာမိသည်။ ထိုစာသင်တိုက်ကြီးများထဲမှ ရွှေတောင်ပါဠိတက္ကသိုလ်သည် သံဃာအား အကောင်းဆုံးနှင့် အတိုးတက်ဆုံး စာသင်တိုက်ကြီးဖြစ်ပြီး နိုင်ငံတော်သံဃာ့မဟာနာယက (ဗဟိုသံဃာ့ဝန်ဆောင်) ဆရာတော်ကြီးတပါးလည်း သီးတင်းသုံးလျက် ရှိသည်။
ရွှေတောင်ပါဠိတက္ကသိုလ်နှင့် မဟာဓမ္မိကာရာမ စမ္ပာယ်ရုံ စာသင်တိုက်တို့သည် ရေနံချောင်း-မကွေး ကားလမ်းမကြီးဘေးတွင် ဘေးချင်းကပ်တည်ရှိပြီး သွားရလာရကောင်းသည့် အချက်အခြာ နေရာဖြစ်သဖြင့် သံဃာအား ပိုမိုတောင့်တင်းလှသည်။ ရွှေစေတီပါဠိ တက္ကသိုလ်ကျောင်းတိုက်ကတော့ သွားရလာရတာ အနည်းငယ် ခက်ခဲပြီး သံဃာအား ၁ဝဝ ဝန်းကျင်မျှ သီတင်းသုံးလျက်ရှိသည်ဟု ထိုစဉ်က လေ့လာမိ၏။ ထို့အပြင် စာသင်တိုက် ရိပ်သာအားဖြင့် အေးချမ်းစွာ သီတင်းသုံးနေကြသည့် ကျောင်းတိုက်များလည်း ရေနံချောင်းမြို့တွင်း၌ အများအပြား တည်ရှိကြသည်။
ရေနံချောင်းသို့ မိမိရောက်ရှိခဲ့ပြီးနောက် အဖွဲ့ဝင်သံဃာများကို မနက်ပိုင်းအတွင်းမှာပင် စုစည်းနိုင်ရန် ကြိုးစားခဲ့ပြီး မိမိလာရောက်ရသည့် ကိစ္စနှင့် ရန်ကုန်မြို့တွင်း အခြေအနေ၊ စစ်တွေမြို့ သံဃာတော်များ၏ လှုပ်ရှားမှု အခြေအနေများကို လေ့လာမိသော အချက်အလက် များအား အခြေခံကိုးကား၍ ရှင်းလင်းတင်ပြခဲ့သည်။ တချို့ကလည်း တက်ကြွစွာ တုံ့ပြန်ဆွေးနွေးမှုများ ရှိခဲ့ကြသလို၊ တချို့ကလည်း အေးဆေးတည်ငြိမ်စွာပင် ပြန်လည်တုံ့ပြန်ခဲ့ကြသည်။ ထို့နောက် ခရီးထွက်လို့ အဆင်ပြေနိုင်မည့် သံဃာတချို့ကို ရွေးချယ်လျောက်ထားကာ ကိုယ်ကျွမ်းကျင်ရာ တနည်းအားဖြင့် - ကာလတခုကြာမျှ အခြေချ သီတင်းသုံးနိုင်သည့် ဒေသတခုဖြစ်ရာ မြို့နယ်များသို့ အရောက်သွား၍ ထိုဒေသအတွင်းရှိ သံဃာထုအား အဓိကထား စည်းရုံးကြရန် အကြံပေးလျှောက်ထားခဲ့သည်။ ထို့အတူ အဆင်သင့်ရင်ဖြင့် ဒေသခံအဖြစ် သတ်သတ်မှတ်မှတ် တာဝန်ယူနိုင်မည့် နယ်ခံသံဃာများကိုလည်း ရွေးချယ်လျှောက်ထား၍ ကိုယ်နည်းကိုယ့်ဟန်ဖြင့် ဆက်သွယ်ရေး လမ်းကြောင်းများ ဖန်တီးထားကြရန်ကို စီစဉ်ပြီး ထိုနေ့ညနေမှာပင် ချောက်မြို့သို့ ခရီးဆက်ခဲ့ရလေတော့သည်။
ချောက်မြို့သည် ရေနံချောင်းမှ ၄၄ မိုင်ခန့် ကွာဝေးပြီး မိမိ၏ ၂ နှစ်ကျော်မျှ အခြေချခဲ့သည့် ဒေသဖြစ်သဖြင့် ထိုစဉ်က မြို့တွင်းလှုပ်ရှားမှု အနေအထားများ ပေါ်ပေါက်လာတိုင်း ပူးပေါင်းပါဝင်မှု အတိုင်းအတာတခုအထိ ရှိခဲ့ဖူးသော ဒေသလည်းဖြစ်၏။ သို့ဖြစ်၍ မြို့တွင်း အနေအထားများကို ကောင်းစွာ နားလည်ထားမိသည်။
ချောက်မြို့တွင် အထင်ကရအားဖြင့် အရှေ့ငွေတောင်၊ အနောက်ငွေတောင်၊ ဆင်ဖြူကျွန်း၊ စလင်း၊ ဂုဏဝတီ၊ ပတ္တမြားတောင်၊ လယ်တီစာသင်တိုက်၊ ရွှေပုံတောင် စသဖြင့် သံဃာအားကောင်းသည့် စာသင်တိုက်ကြီးများ အများအပြား တည်ရှိကြသည်။ ထိုစာသင်တိုက်များထဲမှ အရှေ့ငွေတောင်နှင့် အနောက်ငွေတောင် ကျောင်းတိုက်များသည် ချောက်-ရေနံချောင်း ကားလမ်းမကြီး၏ ဘယ်ညာနှစ်ဖက်တွင် မျက်နှာချင်းဆိုင် အနေအထား ရှိကြ၍ သွားရလာရ လွယ်ကူလှသည်ဟု ဆိုရမည်။
လမ်းခရီးသွားလာနိုင်မှု အခက်ခဲဆုံးအားဖြင့် တည်ရှိကြသည့် စာသင်တိုက်ကြီးများသည် စလင်းနှင့် ရွှေပုံတောင် စာသင်တိုက်များပင်ဖြစ်သည်။ ထိုစာသင်တိုက်ကြီးများသည် တောင်ကုန်းပေါ်တွင် အထီးတည်း တည်ရှိကြသော်လည်း ချောက်မြို့တွင် စာသင်သားသံဃာ အများဆုံးနှင့် အတိုးတက်ဆုံး ကျောင်းတိုက်များ ဖြစ်သည်။
ရွှေပုံတောင်နှင့် စလင်း ပရိယတ္တိစာသင်တိုက်တို့တွင် မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာ ဆိုသည့် ပိဋကတ် သုံးပုံကို အာဂုံဆောင် ဖြေဆိုနေကြသော ကျမ်းတတ်အကျော်အမော် ဆရာတော်များ သီတင်းသုံးကြကာ စာချစာသင် အလုပ်ခွင်ကို အထင်ကရအားဖြင့် ကြိုးစားအားထုတ်နေကြသည်။ အခြား စာသင်တိုက်များတွင်လည်း စာပေပရိယတ္တိအားဖြင့် ဘွဲထူးဂုဏ်ထူးများ ရရှိထားကြသည့် ဆရာတော်များက စာချစာသင် အလုပ်များကို တစိုက်မတ်မတ် ကြိုးစားအားထုတ်လျက် ရှိသည်။
ချောက်မြို့သို့ ရောက်ပြီးပြီးချင်း မိတ်ဆွေသံဃာတော်တချို့ သီတင်းသုံးရာ ကျောင်းတိုက်အတွင်း ခေတ္တတည်းခိုနိုင်ရန် ဦးစွာပထမ ကြိုးစားခဲ့ရသည်။ အကြောင်းမှာ စာသင်တိုက်များသည် ဝါတွင်းကာလ ဧည့်သံဃာ (အာဂန္တု-ရဟန်း) များကို အကြောင်းမဲ့ လက်ခံလေ့ မရှိခြင်းကြောင့်ပင် ဖြစ်သည်။ ခေတ္တ တည်းခိုနိုင်ရေးကိစ္စ အဆင်ပြေတော့မှ သံဃာများနှင့် ထိတွေ့နိုင်ရန် အကြောင်းဖန် ရပြန်သည်။ ထိုသံဃာများမှတဆင့် ဒေသတွင်း အခြေအနေများနှင့် သတင်းအချက်အလက်များကို ခြုံငုံမိသည်ဖြစ်၍ ရှေ့ဆက်သွားရမည့် လုပ်ငန်းစဉ်များအား ဒေသတွင်း အကောင်အထည်ဖော်နိုင်မည့် အလားအလာ ရှိမရှိကို ဆွေးနွေးတိုင်ပင်ကြရတော့သည်။ ထို့အတူ ပခုက္ကူသံဃာတော်များ၏ လှုပ်ရှားမှုများကိုလည်း အရိပ်အမြွက်အားဖြင့် သိခဲ့ရ၍ မည်သို့မည်ပုံ ပံ့ပိုးကူညီကာ ပူးပေါင်းဆောင်ရွက်ကြမည်ကိုလည်း အဓိကထား ဆွေးနွေးခဲ့ရသေးသည်။
စက်တင်ဘာလ ၆ ရက်နေ့ နံနက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ချောက်မြို့) လူငယ်တာဝန်ခံ ကိုထွန်းငြိမ်း (လက်ရှိ - အကျဉ်းထောင်) ကို သွားရောက်တွေ့ဆုံပြီး မြို့တွင်းအခြေအနေနဲ့ အခြား သတင်းအချက်အလက်များကို မေးမြန်းစုံစမ်းဖြစ်ခဲ့သည်။
ကိုထွန်းငြိမ်းမှတဆင့် ပခုက္ကူသံဃာတော်များ၏ လှုပ်ရှားမှုအခြေအနေများကို ထပ်မံသိရှိခဲ့ရပြီး မိမိအနေဖြင့် ထိုမြို့သို့သွားရန် မသင့်တော်သည့်နေရာ ဖြစ်ပြီဆိုသည့် အကြံကိုလည်း ရရှိခဲ့သည်။ ကိုထွန်းငြိမ်းသည် မိမိ ချောက်မြို့၌ နေစဉ်ကာလအတွင်း အထိမ်းအမှတ်ပွဲတခုတွင် ပူးပေါင်းဆောင်ရွက်ရင်းက ခင်မင်ရင်းနှီးခဲ့ရသူ ဖြစ်သည်။ သူသည် ချောက်မြို့ အေးစေတီဘုရား ခြေတော်ရင်း အေးစေတီ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ မိုးကုတ်ဝိပဿနာရိပ်သာတွင် တရားအားထုတ်နေသည့် ပုံမှန်ယောဂီတဦးလည်းဖြစ်၏။ ထို့အတူ လူမှုရေးလုပ်ငန်းများကိုလည်း နေရာဒေသမရွေး၊ လုပ်ငန်းပုံစံမရွေး လိုအပ်ချက်ရှိလာတိုင်း ကူညီတတ်သူလည်း ဖြစ်သည်။
မိတ်ဆွေ သံဃာတချို့၏ သဘောထားအရလည်း ချောက်မြို့မှပင် အခြေအနေကို စောင့်ကြည့်ကာ ဆက်သွယ်လို့ ရရှိလာသည့် အချက်အလက်ပေါ် မူတည်၍ ဆက်လက်လှုပ်ရှားရန် ဆန္ဒရှိကြသည်။ ၎င်းတို့၏ သဘောထားများအရ ထိုနေ့ညနေအထိ ချောက်မြို့တွင်းမှာပင် အချိန်ကုန်ခဲ့ရသည်။ သို့သော် အဆက်အသွယ် ပြုလုပ်နိုင်မှု အနေအထားသည်ကား မရှိခဲ့သေးပေ။ ဤကာလအတွင်း စိတ်မကောင်းစရာ သတင်းစကားတခု ရောက်ရှိလာ၏။ ရဟန်းလား၊ သာမဏေလားဆိုသည်ကို အတိအကျ မသိသော်လည်း သံဃာ ၂ ပါး ကြိုးချည်ရိုက်နှက်ခံရသည့်အပြင် မေတ္တာပို့သသည့် သံဃာများလည်း ကြမ်းတမ်းစွာ နှိပ်ကွပ်ခံခဲ့ရသေးသည်ဟု ကြားသိခဲ့ရ၍ အတော့်ကို စိတ်မကောင်းဖြစ်ကာ ဒေါသထွက်ခဲ့ရသည်။
၇ ရက်နေ့ နံနက်မှ မိမိသည် မူလလုပ်ငန်းစဉ်များကိုသာ ဆက်လက် အကောင်အထည်ဖော်ပြီး ရန်ကုန်သို့ အမြန်ပြည်ဆင်းနိုင်ရန် စီစဉ်ခဲ့ရလေတော့သည်။ ထိုသို့ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရန် ဆွေးနွေးမှုများမှ ပခုက္ကူအရေးအခင်းကို အဓိကထားပြီး ဦးစားပေး တောင်းဆိုရန် အကြံဖြစ်ခဲ့လေတော့သည်။
သို့သော် ဦးဂမ္ဘီရနှင့် တိုက်ရိုက်ဆက်သွယ်နိုင်မှုသည်ကား မရှိသေးပေ။ ထိုအချက်ကို အဓိက ကိုင်စွဲလိမ့်မည်ဟု အမှန်ပင် ယုံကြည်ထား၏။
၈ ရက်နေ့ နံနက်တွင် မိမိသည် မန္တလေးတိုင်းအတွင်းရှိ ကျောက်ပန်းတောင်းမြို့နှင့် မိတ္ထီလာမြို့များသို့ ခရီးပြင်းနှင်ခဲ့လေသည်။ ထိုမြို့များရှိ သံဃာတချို့နှင့် တွေ့ဆုံရန် ရည်ရွယ်ထားသော်လည်း လုံခြုံရေး အနေအထား ကျပ်တည်းလာမှုကြောင့် ရည်ရွယ်ချက်တချို့ လွဲချော်မှုရှိခဲ့သည်။ သို့ဖြစ်၍ မိမိသည် မိတ္ထီလာမှ သာစည်ဘက်သို့ ကူးရန် မိတ္ထီလာ ရထားဘူတာရုံသို့ ဆင်းခဲ့ရတော့သည်။
သာစည်သို့ ထွက်မည့်ရထား မလာသေး၍ ဘူတာရုံအနီးရှိ အအေးဆိုင်တခုတွင် ထိုင်ရင်း ရထားအလာကို စောင့်နေခဲ့ရသည်။ ထိုအချိန် မိမိထိုင်နေရာ စားပွဲဝိုင်းနှင့် မလှမ်းမကမ်းရှိ စားပွဲဝိုင်းတခုသို့ လူနှစ်ယောက် ဦးတည်လာနေသည်ကို သတိထားမိသဖြင့် စိုးရိမ်စိတ် အနည်းငယ် ဖြစ်ပေါ်ခဲ့ရသည်။ ထိုလူနှစ်ဦး၏ ပုံစံမှာလည်း တောင့်တင်းစွာ ရှိလှ၍ ကိုယ်နေဟန် အချိုးအစားကျ လှပသည်ဟု ဆိုရမည်။
သူတို့ နှစ်ယောက် ပြောဆိုဆက်ဆံပုံမှာ အရာရှိနှင့် လက်အောက်ငယ်သား ဆက်ဆံရေး ဖြစ်သည့်အပြင် အသုံးအနှုန်း ပုံစံအရလည်း စစ်သား (သို့) ရဲထောက်လှမ်းရေးများ ဖြစ်လိမ့်မည်ဟု သာမန်အမြင်ဖြင့် အကဲခတ်ကာ နားစွင့်နေလိုက်သည်။
နောက်ပိုင်းသူတို့ ပြောသံစကားများ ရေရေလည်လည်ကြားလိုက်ရသည့်အခါ တပ်ရင်းမှူးဆိုသူနှင့် ကတောက်ကဆ ဖြစ်လာသည့် တပ်မတော်သားများပင်ဖြစ်ကြောင်း သိရတော့သည်။ ထို့အတူ သူတို့တပ်ရင်းမှူး၏ မောက်မာရက်စက်မှုများကို အပြန်အလှန် ရင်ဖွင့်နေကြခြင်း ဖြစ်ကြောင်းကို နားလည်မိ၏။ သူတို့နှစ်ယောက်လည်း တပ်ကြပ်ကြီးအဆင့်နှင့် သာမန်တပ်သားအဆင့် ရှိသူများ ဖြစ်ကြသည်။
ထို့သို့ နားလည်ပြီးနောက် မိမိလည်း မလုံမလဲဖြစ်ကာ ထိုနေရာမှ အမြန်ထွက်ခွာရန် စဉ်းစားရတော့သည်။ မိမိ၏ ခရီးစဉ် အဆုံးမသတ်နိုင်သေးသဖြင့် နိုင်ငံရေးနှင့် ဆက်စပ်သော လှုံ့ဆော်စာများ ဗီစီဒီခွေများနှင့် အခြား အချက်အလက် မှတ်တမ်းတချို့ ပါလာခဲ့သောကြောင့်လည်း အထူး ဂရုစိုက်ကာ အရာရာကို သတိအနေအထား ရှိနေရ၏။
သို့သော် စားပွဲဝိုင်းမှ မထမီမှာပင် အရာရှိပုံစံပေါက်သည့် ရဲဘော်မှ မိမိဘက်ကိုလှည့်ကာ “ဦးဇင်း .. ဆေးလိပ် ဘုရား” ဟု ဆို၍ ဆေးလိပ်ဘူးကို ထိုးပေးပြီး စကားစလေတော့သည်။ မိမိလည်း “ဆေးလိပ်မသောက်တတ်ပါဘူး ဒကာ” ဟုပင် ဆို၍ ငြင်းပယ်လိုက်သည်။
ဗုဒ္ဓဘာသာတယောက်အနေဖြင့် ဘုန်းတော်ကြီးတပါးအား ထိုသို့ ပြုမှုဆက်ဆံသည်ကို ယဉ်ကျေးမှု ထုံးတမ်းစဉ်လာအရ ရိုင်းလှသည်ဟု ဆိုစရာရှိသော်လည်း စစ်သားဘဝမှာ ယခုလောက် အဆင့်အတန်းအထိ ဘာသာတရားကို နားလည်နိုင်မည် မဟုတ်ကြောင်း အတွေ့အကြုံအရ နားလည်မှုထားလိုက်ပြီး ပြေလည်စွာပင် ဟန်မပျက်ဆက်ဆံခဲ့ရတော့သည်။ ထို့နောက် မိမိအား ဘယ်ကျောင်းတိုက်မှာနေလဲ၊ ဘာစာတွေသင်နေလဲ စသဖြင့် မေးမြန်းပြီး “ဟိုတနေ့ကတော့ ပခုက္ကူက ကိုယ်တော်တွေ ချကုန်ပြီ။ ဦးဇင်းတို့ကော ဘယ်လိုလဲ” ဟု မေးလာ၏။
မိမိလည်း ထိုလူနှစ်ယောက်အား ယုံကြည်မှု မရှိသေး၍ “ဟုတ်လားဗျ၊ ဘယ်လိုတွေ ချကုန်တာလဲ။ ကျုပ်တော့ အခု ဦးလေးဆီလာရင်း ခရီးလွန်သလိုဖြစ်နေတော့ အဲဒါသေချာမသိရသေးဘူး။ ပြောပါအုံးဗျ” ဟု စကာလမ်းကြောင်းပေးတော့ သူက ''အသေအချာတော့ မသိပါဘူး'' တဲ့။ ''ဒါပေမဲ့ ဘုန်းကြီးတွေ မေတ္တာပို့တယ်ဆိုလား၊ ဆန္ဒပြကြတယ်ဆိုလား၊ အဲလိုသဲ့သဲ့တော့ ကြားတယ်။ ပြီးတော့ ဘုန်းကြီးတချို့ကို ဖမ်းတယ်၊ ရိုက်တယ်၊ နှိပ်စက်တယ်ဆိုတာလောက်ပဲ ကြားမိတာ။ အသေအချာ အတိအကျတော့ မသိကြောင်း'' ဆို၏။
မိမိက “မေတ္တာပို့တာတော့ တကယ်မြင့်မြတ်တဲ့ အလုပ်ပါဗျာ။ ခင်ဗျားလည်း ဗုဒ္ဒဘာသာတယောက်ပဲ။ မေတ္တာပို့တာလောက် ကောင်းတဲ့လုပ်ငန်း မရှိသလောက်ကို ရှားမယ်ထင်တယ် ဒကာရေ။ ဘုန်းကြီးဆိုတာ အမြဲတမ်း မေတ္တာနဲ့နေရတာ။ ဒါပေမဲ့ အဲလိုဘုန်းကြီးတွေကို ဖမ်းတယ်ရိုက်တယ် ဆိုတာတော့ မလုပ်သင့်ဘူး ထင်တယ်နော်။ ဘာပဲဖြစ်ဖြစ် သင့်တင့်အောင်တော့ ထိန်းမှဖြစ်မယ် ထင်တယ်။ အဲလိုမဟုတ်လို့ ဘုန်းကြီးတွေ မခံနိုင်ဖြစ်ရင်တော့ တတိုင်းပြည်လုံး အနေအထားအရဆိုရင် ခင်ဗျားတို့ စစ်သားတွေထက် အင်အားများမယ် ထင်တယ်ဗျ” ဟု ရိုးရိုးလေး ပြုံးပြီးပြောတော့ ဘေးက ရဲဘော်လေးတယောက်က “ဟုတ်တယ် ဦးဇင်း။ တပည့်တော်တို့လည်း အဲလိုကြားတော့ စိတ်မကောင်းဘူး။ တပည့်တော်တို့ အမျိုးတွေလည်း ဘုန်းကြီးထဲမှာ အများကြီးရှိတာဆိုတော့ ကိုယ့်ရှေ့မှာဆိုရင် ရိုက်တဲ့ကောင်တွေနဲ့ နပမ်းလုံးမိမှာပဲ။ တကယ်တော့ စစ်သားတိုင်းက မလွဲသာလို့သာ စစ်တပ်ထဲနေရပြီး သေနတ်ကိုင်ထားရပေမယ့် လူရိုင်းတွေ မဟုတ်ကြဘူး ဆိုတာကိုတော့ နားလည်ပေးစေချင်တယ် ဘုရား။ ဒါပေမဲ့ ဦးဇင်းတို့ လုပ်ရမယ်နော်။ ဦးဇင်းတို့ ညီညီညွတ်ညွတ်နဲ့ အင်အားများလာရင် ဒီဘက်ကလည်း လက်လျှော့မှာ။ အများစုက ဗုဒ္ဓဘာသာတွေပဲ။ ဒီလောက်လည်း ရိုင်းကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သတိတော့ထားပေါ့ဘုရား။ ဘာပဲဖြစ်ဖြစ် တပည့်တော်တို့ ဘဝက ကိုယ်တော်တို့ ကယ်မှ ဖြစ်မှာ” ဟူ၍ လေးနက်စွာ ပြောလေသည်။ မိမိကလည်း “အေးဗျာ ဒီလိုပဲ တဖြေးဖြေးတော့ ဖြစ်လာရမှာပေါ့” ဟု ဆိုကာ နှစ်သိမ့်ခဲ့ရ၏။ ထို့နောက် သာစည်သို့ ထွက်ခွာမည့် ရထားဆိုက်လာ၍ မိမိလည်း ဘူတာရုံအတွင်းသို့ ဝင်ခဲ့ရတော့သည်။
မဇ္ဈိမသတင်းဌာနမှ ပြန်လည်ကူးယူဖော်ပြပါသည်။
Tuesday, September 1, 2009
ကြုံရဆုံရ ရွှေဝါရောင် တော်လှန်ရေး အကြိုကာလ (အပိုင်း - ၅)
ဆောင်းပါး
ကိုမော်
တနင်္လာနေ့၊ သြဂုတ်လ 31 ရက် 2009 ခုနှစ် 12 နာရီ 43 မိနစ်
၂ဝဝ၇ သြဂုတ်လ ၁၉ ရက်နေ့တွင် ကိုမင်းကိုနိုင်တို့ ၈၈ - မျိုးဆက် ကျောင်းသားများ ဦးဆောင်သော ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲများ စတင်ပေါ်ပေါက်ခဲ့သလို မိမိတို့သံဃာထုအတွင်း၌လည်း လောင်စာဆီဈေးနှုန်း မြင့်တက်လာမှု ပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ရေးအတွက် ဖြစ်နိုင်ချေရှိသည့် နည်းလမ်းများအား အပြန်အလှန်အကြံပြုသုံးသပ်ကြကာ ညှိနှိုင်းဆွေးနွေးမှုများ မကြာခဏ ပြုလုပ်ဖြစ်ခဲ့ကြသည်။
ထို့အတူ မြေလတ်ဒေသအတွင်း အခြေစိုက်နေထိုင်ကြသော သံဃာတချို့ထံသို့လည်း ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒထုတ်ဖော်မှုကြီးအတွင်း သံဃာထုအနေဖြင့် ပါဝင် အားဖြည့်နိုင်ဖို့အရေး ဆက်သွယ် ဆွေးနွေးဖြစ်ခဲ့ကြသေး၏။
မိမိတို့အနေဖြင့် လောင်စာဆီဈေးနှုန်း မြင့်တက်မှု ပြဿနာသည် အမိမြန်မာပြည်တွင်းရှိ လူထုလူတန်းစား အလွှာအသီးသီးသို့ တိုက်ရိုက်ထိခိုက်မှုရှိသည့် ပြဿနာတရပ်ဖြစ်ကြောင်းကို နားလည်သဘောပေါက်မိခဲ့ကြသလို သံဃာ့ထုအတွင်းသို့လည်း တစတစထိခိုက်မှု ရှိလာပြီဖြစ်သည်ကို ရက်ပိုင်းအတွင်းမှာပင် တွေ့ကြုံခံစားခဲ့ရ၏။ သို့ဖြစ်၍ လောင်စာဆီဈေးနှုန်းမြင့်တက်မှု ပြဿနာသည် တတိုင်းပြည်လုံး အနေအထားအရ ဆင်းရဲတွင်း နက်သထက်နက်ကာ ငတ်ပြတ်ရမည့် အနေအထားဟုပင် သာမန်အမြင်ဖြင့် မှတ်ယူခဲ့ကြသည်။
သြဂုတ်လ ၂၁ ရက်နေ့ ညအချိန်တွင် ကိုမင်းကိုနိုင်တို့ ကျောင်းသားခေါင်းဆောင်များ အပါအဝင် တက်ကြွလှုပ်ရှားသူ ၁၃ ဦးကို နအဖ အာဏာပိုင်များမှ ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း မြို့တော်ခန်းမတွင် အလုပ်လုပ်နေသူ ဝန်ထမ်းကတဆင့် ကြားသိခဲ့ရသည်။ ဤသည်မှာ လူထုပါဝင်လာမှု ကြီးမားလာမည့် အလားအလာကို ဟန့်တားနိုင်ရန်အတွက် ရည်ရွယ်သည်ဟု နားလည်ထားမိ၍ အခြေအနေကို မျက်ချေပြတ်မခံဘဲ ဂရုတစိုက် စောင့်ကြည်နိုင်ရန် ကြိုးစားခဲ့သည်။
သို့သော် ထိုလှုပ်ရှားမှုများကား တွန့်ဆုတ်ရပ်တန့်သွားခြင်းမရှိဘဲ ကျန်ခေါင်းဆောင်များမှ နောက်ပိုင်းရက်များတွင်လည်း အားတက်သရော လမ်းမပေါ်ထွက်ကာ ပြည်သူကို လှုံ့ဆော်စည်းရုံးနိုင်ခဲ့ကြသည့်အတွက် အခြေအနေသည် တစုံတရာ အတိုင်းအတာတခုအထိ ပြည်သူကို နိုးကြွစေပြီဟု ယူဆမိခဲ့ကြသည်။
သြဂုတ်လ ၂၈ ရက်နေ့တွင် ဦးဂုရုနေထိုင်ရာ စာသင်တိုက်သို့ မိမိ ရောက်ရှိခဲ့ပါသည်။ ထိုရက်ပိုင်းအတွင်း လောင်စာဆီဈေးနှုန်း မြင့်တက်မှုများကို အခြေခံသော ကုန်ဈေးနှုန်း ကျဆင်းရေး ကြွေးကြော်ပြီး တောင်းဆိုဆန္ဒပြမှုများ အရှိန်အဟုန် မြင့်တက်နေချိန်ကာလဖြစ်၍ ဦးဂုရုနှင့် မိမိလည်း လှုပ်ရှားမှုကြီးအတွင်း သံဃာထုအနေဖြင့် ပါဝင်အားဖြည်နိုင်ဖို့အရေး ဆွေးနွေးဖြစ်ခဲ့ကြသည်။ ကြားဖြတ်အနေနဲ့ ဦးဂုရုက မိမိကို စာတစောင် ပေးဖတ်ပါသည်။ စာမူသည် ရဟန်းပျိုသမဂ္ဂ (ရန်ကုန်) အနေဖြင့် သံဃာထုသို့ လျှောက်ထားပန်ကြားစာဖြစ်ပြီး လတ်တလော လောင်စာဆီဈေးနှုန်း မြင့်တက်မှုများကို တာဝန်ရှိသူ နိုင်ငံတော်အစိုးရအနေဖြင့် တာဝန်ယူ ဖြေရှင်းပေးနိုင်ဖို့ သံဃာထု၏ ဖိအားတခုကို ဖော်ဆောင်ရန်ဖြစ်ကြောင်း မိမိ နားလည်မိသည်။ ထို့အတူ တပါတည်း သဘောတူလက်ခံလိုက်၏။
သို့သော် ထိုလျှောက်ထားစာသည် မူကြမ်းအနေဖြင့် ထုတ်ထားသည်ဖြစ်စေ မူချောအနေဖြင့် ထုတ်ပြီးသည်ဖြစ်စေ အားနည်းချက်များကို အတတ်နိုင်ဆုံး ပြင်ဆင်တည်းဖြတ်ရန် ဦးဂုရုကို တောင်းဆိုမိသည်။
ဦးဂုရုက ဤလျှောက်ထားစာသည် ဦးဂမ္ဘီရ၏ စာမူရင်းကို သူ ထပ်မံတည်းဖြတ်ထားတာဖြစ်ပြီး လောလောဆယ် မူကြမ်းအဆင့်သာဖြစ်ကြောင်းဆိုကာ ဦးဂမ္ဘီရနှင့်တွေ့မှ ထပ်မံညှိနှိုင်းပြင်ဆင်ဖို့ သဘောထားပြန်ပေးခဲ့သည်။ ထို့အတူ သူ့အနေဖြင့်လည်း ရန်ကုန်နှင့် နီးစပ်ရာမြို့များကို လှည့်လည်ဖြန့်ဝေပြီး လှုံ့ဆော်စည်ရုံးမှာဖြစ်သလို မိမိကိုလည်း မြေလတ်ဒေသအတွင်းသို့ သွားရောက်ကာ ဖြန့်ဝေပြီး ထိရောက်သည့် သံဃာ့လှုပ်ရှားမှု လုပ်ငန်းစဉ်များ အဆင့်ဆင့် ဖြစ်ပေါ်နိုင်ရေးအတွက် ကြိုးစားသင့်ကြောင်းကို အကြံပေးတိုက်တွန်းခဲ့ပါသည်။ မိမိအနေနဲ့လည်း ထိုလုပ်ငန်းစဉ်များကို လုပ်ကိုင်ဖို့အတွက် ရည်ရွယ်ထားကြောင်းနှင့် မြေလတ်ဒေသတွင်း စည်းရုံးရေးနှင့် လှုပ်ရှားမှု လုပ်ငန်းစဉ် တချို့ကို ချပြဆွေးနွေးဖြစ်ခဲ့သည်။
ထိုနေ့မှာပင် စစ်တွေသံဃာတော်များ၏ လမ်းလျှောက်ကြွချီကာ မေတ္တာပို့သခဲ့ကြသည်ကို မျှော်လင့်မထားမိသေးဘဲ ကြားသိခဲ့ရသည့်အတွက် ပိုမိုအားတက်ခဲ့ရ၏။
သြဂုတ်လ ၂၉ ရက်နေ့ မနက် ဦးဂုရုဆီရောက်တော့ ဦးဂမ္ဘီရနှင့် ၃ဝ ရက်နေ့ နေ့လည်ပိုင်း တွေ့ဆုံဖို့ အဆင်သင့် ပြင်ထားစေလိုကြောင်းပြောကာ မြို့တွင်းလှုပ်ရှားမှုများအပေါ် ဝေဖန်သုံးသပ်ခဲ့ကြသည်။
သြဂုတ်လ ၃ဝ ရက်နေ့ နေလည် ၁ နာရီ ဝန်းကျင်ခန့်တွင် မြေနီကုန်း မှတ်တိုင်အနီးရှိ ရွှေလက်ဖက်ရည်ဆိုင်၌ ဦးဂမ္ဘီရနှင့် တွေ့ဆုံခဲ့၏။ ထိုသို့တွေ့ဆုံမှုကတဆင့် မိမိတို့ လုပ်ငန်းစဉ်များကိုပါ ဆွေးနွေးဖြစ်ခဲ့ကြသည်။ မိမိက သံဃာထုသို့ လျှောက်ထားပန်ကြားစာနဲ့ ပတ်သက်ပြီး ထိုစာသည် စကားလုံး ဖောင်းပွမှုရှိသည့်အပြင် စာမျက်နှာ စာလုံးပုံစံကအစ ပြင်ဆင်ထားမှု အားနည်းလှသည်ဖြစ်၍ သာမန်အနေဖြင့် စိတ်ဝင်စားမှု ရှိနိုင်မည် မဟုတ်ကြောင်း၊ တချို့အမြင်အရ လေးနက်မှုမရှိဘဲ ပြီးစလွယ် လုပ်ထားသည်ဟုပင် ဝေဖန်သုံးသပ်နိုင်ကြောင်း အကြုံပြုဆွေးနွေးသည့်အခါ ဦးဂမ္ဘီရမှ လက်ခံကာ အတတ်နိုင်ဆုံး ကြိုးစားပြီး ပြင်ပါမည်ဟု ဆိုခဲ့၏။
ထို့နောက် မိမိအနေဖြင့် ထပ်မံဆွေးနွေးသည်မှာ မိမိတို့သည် ရဟန်းပျိုသမဂ္ဂ (ရန်ကုန်) ဆိုတဲ့ အမည်နာမကိုသုံးပြီး ဖြန့်ဝေမည့်အပြင် စာသင်၊ စာချ သံဃာများကိုသာ ရည်ညွှန်းခြင်း မပြုဘဲ ကျောင်းထိုင်၊ ကျောင်းပိုင် ဆရာတော်ကြီးများ၊ အဆင်သင့်ရင်ဖြင့် သံဃာ့ဝန်ဆောင် ဆရာတော်ကြီးများအထိကိုပါ ပေးပို့လျှောက်ထားနိုင်အောင် ကြိုးစားကြမည့်အတွက် စာလုံးပုံစံ ရှင်းရှင်းလင်းလင်းနဲ့ စနစ်တကျ အချိန်ယူလုပ်ပြီး စာအိတ်များတွင် ဘွဲ့တော်များကိုပါတပ်ကာ တိုက်ရိုက်ပေးပို့နိုင်အောင် ကြိုးစားရင် ကောင်းမည်ဟု အကြံပြုပြောကြားခဲ့သည်။
ဦးဂမ္ဘီရ အနေဖြင့်လည်း မိမိ၏ အကြံပြုချက်ကို လက်ခံပြီး အဆင်ပြေအောင် ပြင်ဆင်ပါ့မယ်ဟုဆိုကာ စက်တင်ဘာလ ၂ ရက်နေ့ မူချောထုတ်နိုင်ရန် ကြိုးစားဖို့ သဘောတူ၍ ၂ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်လောက်ကို သူနေထိုင်ရာ တိုက်ခန်းတွင် တွေ့ဆုံရန် ချိန်းဆိုဖြစ်ခဲ့၏။
ထို့အပြင် ခရီးထွက်ဖို့အစီအစဉ်နှင့် ပတ်သက်၍လည်း မိမိအနေဖြင့် စက်တင်ဘာလ ၄ ရက်နေ့ကို ခရီး စတင်ထွက်ဖို့ သဘောတူခဲ့ပြီး ဦးဂမ္ဘီရအနေဖြင့်လည်း စက်တင်ဘာလ ၅ ရက်နေ့တွင် မန္တလေးသို့ ခရီးထွက်ပြီး စည်းရုံးရေးလုပ်ငန်းများနဲ့ လှုပ်ရှားမှုကို အကောင်အထည်ဖော်နိုင်ရေး ကြိုးစားဖို့ လျာထားဖြစ်ခဲ့သည်။
စက်တင်ဘာလ ၂ ရက်နေ့ နေ့လည် မိမိရောက်တော့ ဦးဂမ္ဘီရက “အားလုံးအဆင်ပြေပြီ ကိုယ်တော်။ အရှင်ဘုရားလည်း သဘောကျမယ်ထင်ပါရဲ့။ အကယ်၍ မကျခဲ့သည်ရှိသော်တောင်မှ ရပ်ထားဖို့ သင့်ပြီဗျ။ ဒီစာလေးနဲ့တင် အချိန်မကုန်သင့်ဘူး၊ မှန်းထားတာက ဒီလအတွင်း လှုပ်ရှားမှုတခုခု ပေါ်ကိုပေါ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိတော့ တခြားဘက်ကိုလည်း အချိန်ပေးရအောင်” ဟု ဆိုကာ စာမူပရင့် ထုတ်ဖို့အတွက် ပြင်ဆင်ခဲ့ကြလေတော့သည်။
၂ ရက်နေ့ ညနေမှောင်ရီပျိုးစ အချိန်မှစ၍ မိမိတို့သည် အင်တာနက်ဆိုင်နှင့် မိတ္တူဆိုင်များသို့ လျှောက်ထားလွှာ မူချောထုတ်နိုင်ရန် အခြေအနေအရ တဆိုင်ဝင် တဆိုင်ထွက် ကြိုးစားခဲ့ကြရသည်။ တချို့ဆိုင်များကလည်း စက်ပစ္စည်းကို အကြောင်းပြကာ ငြင်းပယ်ခဲ့ကြသည်များရှိသလို လိုလိုလားလား ကူညီလှူဒါန်းသူများနှင့်လည်း ကြုံခဲ့ရ၏။
ည ၁ဝ နာရီ ပတ်ဝန်းကျင်လောက်တွင် ဇေယျဝတီစာသင်တိုက်အနီး အအေးဆိုင်တခု၌ ထိုင်ရင်းက သမဂ္ဂတံဆိပ်ရိုက်နှိပ်ဖို့ အကြံပေးတော့ တံဆိပ်တုံးက နေရာအပြောင်းအရွှေ့မှာ ပျောက်ဆုံးနေကြောင်း ရှင်းပြခဲ့သည့်အတွက် မိမိအနေဖြင့် ၃ ရက်နေ့ အပြီးရနိုင်အောင် ကြိုးစားကြည့်မယ်ဟုဆိုကာ ပုံစံအနေအထားကို ဆွဲခိုင်းပြီး ပြန်ခဲ့ကြသည်။
၃ ရက်နေ့ မနက်၌ သမဂ္ဂတံဆိပ်တုံးတခု အကောင်အထည်ဖော်နိုင်ရန်အတွက် ဆူးလေစေတီ အနီးဝန်းကျင်တဝိုက်တွင် ကြိုးစားခဲ့၏။ ထိုသို့ ကြိုးစားခဲ့ရာတွင် တံဆိပ်တုံးရိုက်နှိပ်ရန်အတွက် သံဃာ့ မဟာနာယကအဖွဲ့ (မဟန) ၏ ခွင့်ပြုမိန့်ထောက်ခံစာ လိုအပ်ကြောင်း လမ်း ၃ဝ နှင့် အနော်ရထာလမ်းဒေါင့်အနီးရှိ ရာဘာဘလောက်တုံးဆိုင်မှ ပိုင်ရှင်တဦးက ပြောဆိုခဲ့သည်။ မိမိကလည်း “ကျူပ်တို့ ရဟန်းပျိုအဖွဲ့ဆိုတာက ဗုဒ္ဒဘုရားရှင်၏ ဆုံးမသြဝါဒကို နာခံထားသည်မှလွဲ၍ မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၏ သြဝါဒတစုံတခုကိုခံယူပြီး ဖွဲ့စည်းထားတာ မဟုတ်ကြောင်း စာသင်သား ရဟန်းပျိုများအနေဖြင့် သံဃာထုအခွင့်အရေးကို ဗုဒ္ဓ၏ ဝိနည်းတော်နှင့်အညီသာ ကာကွယ်သွားရန် ရည်ရွယ်ထားသည့်အတွက် မည်သည့်အဖွဲ့၏ ခွင့်ပြုချက်တစုံတရာကိုမှ တောင်းခံခဲ့ခြင်းမရှိသလို လိုလည်းမလိုအပ်ကြောင်း” စသည်ကို ရှင်းပြကာ ထိုဆိုင်ပတ်ဝန်းကျင်အနီးမှ အမြန်ပြန်ထွက်ခဲ့ရသည်။
ထို့နောက် ရာဘာဘလောက်တုံးဆိုင်တခုကို တံဆိပ်တုံး အမြန်ရရှိရေးနဲ့ လိုချင်တဲ့ပုံစံ သွင်းနိုင်ဖို့အရေး တခြားဆိုင်တဆိုင်ကို ဝင်ရောက်ညှိနှိုင်းရာမှ အဆင်ပြေချောမွေ့ကာ ၃ ရက်နေ့ နေ့လည်ပိုင်းမှာပင် သမဂ္ဂတံဆိပ်တုံးကို ရရှိခဲ့သည်။ ပြီးမှ ဦးဂမ္ဘီရ ခေတ္တ နေထိုင်ရာ သီရိမင်္ဂလာဈေးအနီးရှိ တိုက်ခန်းသို့ ပြန်လာခဲ့ရ၏။
ဦးဂမ္ဘီရ တိုက်ခန်း၌ သံဃာထုသို့ လျှောက်ထားစာလွှာများကို ရဟန်းပျိုသမဂ္ဂ ရန်ကုန်ဆိုတဲ့ တံဆိပ် ရိုက်နှိပ်နိုင်ရေးအတွက် ပြင်ဆင်ခဲ့ကြသည်။ ည ၁၂ နာရီဝန်းကျင်လောက်မှ အဆုံးသတ်နိုင်ပြီး မိမိနေထိုင်ရာ ကျောင်းတိုက်ဝန်းသို့ ဦးဂမ္ဘီရကိုယ်တိုင် လိုက်ပို့ခဲ့၏။
စက်တင်ဘာလ ၄ ရက်နေ့မနက်တွင်မှ ဦးဂမ္ဘီရ တိုက်ခန်းတွင်းရှိ လျှောက်ထားစာရွက်ထုပ်ကြီးနှင့် အကြမ်းမဖက် လူထုလှုပ်ရှားမှု မှတ်တမ်းခွေများကို သယ်ဆောင်ကာ မြေလတ်ဒေသသို့ ခရီးစတင်ခဲ့ပါတော့သည်။
ဦးဂမ္ဘီရလည်း မန္တလေးမှ မိတ်ဆွေများနှင့် လတ်တလော ဆက်သွယ်ရရှိမှု အနေအထားမှ (မိမိ စိတ်အထင်) တစုံတရာ ထူးခြားမှုကြောင့် ထိုနေ့ (စက်တင်ဘာလ ၄ ရက်နေ့) နေ့လည်ပိုင်းမှာပင် ခရီးစတင်မည့်အကြောင်း သိခဲ့ရသည်။
မိမိ၏ခရီးစဉ်သည် မြေလတ်ဒေသတခွင်လုံး အတိုင်းအတာထိ မရည်ညွန်းသော်လည်း မိမိတို့ မိတ်ဆွေ အပေါင်းအသင်းများရှိရာ၊ ရဟန်းပျိုသမဂ္ဂ(မြေလတ်) အဖွဲ့ဝင်များအခြေစိုက်ရာ ဒေသများကို ဦးစွာပထမ အရောက်သွားဖို့ ရည်ရွယ်ခဲ့သည်။ ထိုသို့ရည်ရွယ်ချက် အရင်းခံအရ သံဃာထုအား ကောင်းရာ၊ မိမိတို့အဖွဲ့ဝင် မိတ်ဆွေများ အခြေစိုက်ရာ ဒေသဖြစ်သည့် ပခုက္ကူမြို့ ပတ်ဝန်းကျင်ကို အဓိက သွားရောက်နိုင်ဖို့ အစပိုင်းက စဉ်းစားမိခဲ့၏။
သို့သော် စက်တင်ဘာလ ၃ ရက်နေ့တွင် မိမိတို့ မြေလတ်အဖွဲ့ဝင် ရဟန်းတော်များအတွင်း ဆက်သွယ်ရရှိမှု သတင်းအရ ပခုက္ကူမြို့သည် မိမိတို့ မြေလတ်သံဃာထု၏ လှုပ်ရှားမှု ဦးတည်ရာ ဗဟိုအချက်အချာအဖြစ် မကြာသော ကာလအတွင်းမှာပင် အကောင်အထည် ပေါ်လာနိုင်မည့်အရေး ကြိုတွေးမိလိုက်သည်။ သို့အတွက်ကြောင့် ထိုဒေသသို့ မိမိရောက်ရှိအောင် အချိန်မီသွားဖို့ရန်အတွက် လိုမလိုနဲ့ သင့်မသင့်ကို ပြန်လည်စဉ်းစားဆင်ခြင်ခဲ့ရတော့၏။
ပခုက္ကူမြို့သည် မိမိတို့ဒေသတွင်း သံဃာထုအားကောင်းရာ ဒေသကြီးတခုဖြစ်သလို စာပေပေါက်မြောက်သည့် ကျမ်းတတ်အကျော်အမော် ဆရာတော်များ၏ ဘူမိနက်သန် နေရာမှန်လည်း ဖြစ်ခဲ့သည်။ နိုင်ငံအနှံ့ စာချ စာသင်အလုပ်နဲ့ သာသနာပြုနေကြသည့် ဆရာတော် အကျော်အမော်အများစုသည် ပခုက္ကူထွက်များပင် ဖြစ်သည်။ မိမိတို့ ကြားဖူးခဲ့ရသည် စာချိုးအရ ဆိုရလျှင်မူ “ပခုက္ကူမရောက် စာမပေါက်” ဟုပင် စပ်ဆိုရလောက်အောင် စာပေအရာ၌ သမိုင်းအစဉ်အလာကြီးမားခဲ့ကြောင်း ထင်ရှား၏။
ထို့အပြင် ထိုဒေသသည် ဦးဂမ္ဘီရ၏ ဇာတိချက်ချွေ မွေးရပ်မြေသဖွယ် ဖြစ်သည့်အပြင် ပခုက္ကူအလယ်တိုက်ဆိုရင်လည်း စာဝါစတင်လိုက်စားရာ မိခင်စာသင်တိုက်ကြီးဖြစ်ခဲ့သည်။ မိမိရောက်သွားမှ တစုံတရာ ထူးခြားမှုဖြစ်စဉ်များ ရုတ်တရက် ဖြစ်ပွားခဲ့သည်ရှိသော် မြို့မှ ပြန်အထွက်ခက်ပြီး တခြားခရီးစဉ်များ လစ်ဟာမှု ရှိသွားနိုင်သည်ကိုလည်း မဖြစ်မနေကို ထည့်သွင်းစဉ်းစားခဲ့ရ၏။ ထိုသို့အချက်အလက်များကြောင့် မိမိ၏ ပထမဆုံးသွားရောက်မည့် ခရီးစဉ်ကို ပခုက္ကူမှလွဲ၍ တခြားဒေသများကို စဉ်းစားခဲ့ရတော့သည်။
မဇ္ဈိမ သတင်းဌာနမှ ပြန်လည်ကူးယူဖော်ပြပါသည်။
Thursday, May 7, 2009
ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ - အပိုင်း (၄)
ဆောင်းပါး
ကိုမော်
အင်္ဂါနေ့၊ မေလ 05 2009 11:24 - မြန်မာစံတော်ချိန်
မေလ ၁ ရက်နေ့ မနက် ၈ နာရီခွဲ ပတ်ဝန်းကျင်လောက်တွင် ဦးဂမ္ဘီရထံသို့ အရေးတကြီး ဖုန်းဆက်လာ၍ မိမိ အပါအဝင် အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရသည်။ ဖုန်းသံမှာ ရှင်လင်းမှု မရှိ၍ phone speaker ကို ဖွင့်ကာ အတော်ကို ဂရုတစိုက် နားထောင်နေရ၏။ လှိုင်သာယာမြို့နယ် ဘုရင့်နောင် တံတားအနီး တပ်ထိပ် မှတ်တိုင်မှာ အလုပ်သမားအရေး လှုပ်ရှားသူ ကိုသူရိန်အောင်တို့အုပ်စု စီးလာသည့် ကားကို စစ်အာဏာပိုင်များနှင့် ရဲတချို့က တားထားပြီကို ကိုသူရိန်အောင် ကိုယ်တိုင် ဖုန်းဆက်၍ အကြောင်းကြားခဲ့၏။ ထို့နောက် ဖုန်းကိုလည်း ဖွင့်ထားပေးခဲ့သည်။
ကိုသူရိန်အောင်နှင့် အာဏာပိုင်တချို့ အချေအတင် စကားပြောနေသံများ ဖုန်းထဲမှာ ကြားနေရပြီးနောက် ထိုးသံ ရိုက်သံလို အသံမျိုးကိုပါ ကြားခဲ့ရသည်။ ထိုအချိန်တွင် ဦးဂမ္ဘီရ အတော်ကို စိတ်တိုနေပြီ်။ သို့သော်လည်း အခြေအနေ အရပ်ရပ်ကို အသေအချာ သိရှိနိုင်အောင် ဂရုတစိုက် ဆက်၍ နားထောင်နေခဲ့၏။ နောက်ပိုင်း ကိုသူရိန်အောင် အသံထွက်လာကာ သူတို့ အချုပ်ကားပေါ် ရောက်နေပြီဖြစ်ကြောင်းနှင့် မည်သည့် လမ်းဘက်တွင် ရောက်နေပြီဖြစ်ကြောင်း သတင်းပေးနိုင်ခဲ့သည်။ ထိုအချိန် ဦးဂမ္ဘီရက "ဒီပုံစံအတိုင်းဆိုရင် ကျိုက္ကဆံဘက်ကို ခေါ်သွားမယ်ထင်တယ်'' ဟု ဆိုပြီး၊ မော်လမြိုင်က ဦးဇင်းတပါးနှင့် မိတ္ထီလာက မကြာခင်ကမှ ရောက်လာသည့် ဒကာတယောက်ကို ခေါ်ကာ သူကိုယ်တိုင် လိုက်သွားခဲ့သည်။
ကိုသူရိန်အောင်တို့ အုပ်စုသည် ရန်ကုန်မြို့ အမေရိကန် စင်တာတွင် မေဒေးနေ့ အထိမ်းအမှတ်အဖြစ် အလုပ်သမား အခွင့်အရေး ဟောပြောမှု စကားဝိုင်းတခုအတွက် လှိုင်သာယာက အလုပ်သမားများနှင့်အတူ ထွက်လာခဲ့ခြင်း ဖြစ်သည်။ ထိုဟောပြောပွဲမှာ ကိုယ်သူရိန်အောင်ကိုယ်တိုင် ဟောပြောဖို့ကိုလည်း စီစဉ်ထားပြီးဖြစ်ကြောင်း မိမိတို့ ကြားသိထားပြီး ဖြစ်၏။
သို့သော်လည်း မေဒေးဟောပြောပွဲ အစီအစဉ်ကား ပျက်ယွင်းသွားခြင်း မရှိခဲ့ပါ။ အမေရိကန် စင်တာတွင် ရောက်ရှိပြီးသား လူများကို ကိုကျော်ကျော် (ရှေ့နေ) နှင့်၊ ကိုညီညီဇော် (လူ့အခွင့်အရေး လှုပ်ရှားသူ) က ဦးဆောင်ကာ အလုပ်သမားနေ့နဲ့ ပတ်သတ်ပြီး အလုပ်သမားအခွင့်အရေး အကြောင်းများကို ဟောပြောစည်းရုံးနိုင်ခဲ့သည်။ ထို့အပြင် တက်ရောက်လာသူများနှင့် အပြန်အလှန် ဆွေးနွေးဖလှယ်မှုများကိုလည်း အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့၏။ ထို့နောက် ထိုခေါင်းဆောင်နှစ်ဦးလည်း အမေရိကန် စင်တာက အပြန် စစ်အာဏာပိုင်များ၏ စောင့်ဖမ်းခြင်းကို ခံခဲ့ရသည်။ ထိုအချိန်တွင် ဦးဂမ္ဘီရလည်း အဖမ်းခံနေရပြီဟု သတင်းများ ထွက်ပေါ်ခဲ့၍ မိမိတို့ စိုးရိမ်ခဲ့ရသေးသည်။ သို့သော် ထိုသတင်း မမှန်ခဲ့ပါ။ ထိုနေ့ည ၇ နာရီလောက်မှ ဦးဂမ္ဘီရ ရွှေ့ပြည်သာအိမ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ သူ ပြန်ရောက်၍ မိမိတို့က အကျိုးအကြောင်း မေးသည့်အခါ ကျိုက္ကဆံအထိ လိုက်သွားပြီး စုံစမ်းမေးမြန်းခဲ့ကြောင်း ပြောပြသည်။
ထိုအခါ မိမိက “ဘာဖြစ်လို့ လိုက်သွားရတာလဲ ကိုယ်တော်၊ တပည့်တော်တို့က လျှို့ဝှက်လှုပ်ရှားနေရတာပဲ။ တော်ကြာ အရှင်ဘုရားကိုပါ ခြေရာခံမိပြီး စောင့်ကြည့်ခံရမှဖြင့် မကောင်းဖြစ်နေပါအုံးမယ်” လို့ စိုးရိမ်စကား ပြောတော့၊ ဦးဂမ္ဘီရက “အဲလို မဟုတ်ဘူးဘုရား။ တပည့်တော် ပြောပြမယ်။ တပည့်တော်တို့က ရဲဘော်ရဲဘက်တွေပဲ၊ ကိုယ့်ရဲဘော်ရဲဘက်တွေ အကျပ်အတည်းနဲ့ ကြုံနေရတဲ့အခါ မတရားသဖြင့် အနိုင်ကျင့် နှိက်စက်ခံနေရတဲ့အခါ တပည့်တော်တို့က ရှောင်မနေသင့်ဘူး။ အချင်းချင်း အသက်ပေးပြီး ကာကွယ်ရမှာပါ။ အဲဒါ တပည့်တော် ခံယူထားတဲ့ တကယ့် တာဝန်တရပ်ပဲ ဘုရား” လို့ ဆိုပြီး ခုခံပြောဆိုတဲ့အတွက် မိမိလည်း ဘာမှ ဆက်မပြောနိုင်ဖြစ်ကာ သူ့ရဲ့ ခံယူချက်ကို နားလည်ပေးလိုက်ပါတော့တယ်။ အဲဒီနောက်ပိုင်း မိမိတို့ လုံခြုံရေးကို အထူး ဂရုစိုက်လာရသလို လုံခြုံရေးလည်း ကျပ်တည်းလာသည်ဟု ဆိုရမည်။
မေလ ၃ ရက်နေ့တွင် ဦးဂမ္ဘီရက မိမိကို မန်းသံဃာတချို့နှင့် ရန်ကုန်မှ ဦးဂုရု (အမည်ဝှက်) ဆိုသည့် ဘုန်းတော်ကြီး အပါအဝင် ရန်ကုန်သံဃာအချို့ကို တာဝန်ခံစေကာ နိုင်ငံရေးအရ လူထုစည်းရုံးရေး လုပ်ငန်းစဉ် ဆွေးနွေးပွဲ စကားဝိုင်းသို့ တက်ရောက် ဆွေးနွေးစေခဲ့ပါသည်။ ထိုစကားဝိုင်းတွင် ဦးဣဿရိယနှင့်လည်း ကြိုတင်သတင်းမရဘဲ တွေ့ဆုံခဲ့ရ၏။ ဦးဣဿရိယနှင့် မိမိတို့သည် ဆူးလေဘုရား ရင်ပြင်ပေါ်ရှိ မြောက်ဘက်မုခ် အနီးနားတွင် မကြာခဏ တွေ့ဆုံဖြစ်၏။ သို့သော်လည်း သဘောထား မတိုက်ဆိုင်မှုတချို့ ရှိခဲ့ကြသည်။
ဆွေးနွေးပွဲပြီးဆုံး၍ ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာချိန်တွင်ကား ဦးဂမ္ဘီရအနေဖြင့် လုံခြုံရေးအရ အကျပ်အတည်း တွေ့နေပြီ ဖြစ်သည်။ ထို့ကြောင့် မိမိတို့ ပုံမှန်လုပ်ငန်းစဉ် တချို့ကို ရန်ကုန်မြို့နယ်နှင့် နီးစပ်ရာ ဒေသအတွင်း ကောင်းစွာ အကောင်အထည် ဖော်နိုင်ခွင့် မရှိတော့ပေ။ စစ်အာဏာပိုင် နောက်လိုက်တို့၏ ရန်မှ ကင်းဝေးစေရန်ကိုလည်း အထူးဂရုစိုက်နေခဲ့ရ၏။ ဦးဣဿရိယနှင့်လည်း ထိုရက်ပိုင်းကစ၍ အဆက်အသွယ် ပြတ်သွားခဲ့သည်။
သို့ဖြစ်၍ လတ်တလော အခြေအနေအရ မြေလတ်ဒေသအတွင်း အခြေစိုက်ကာ လှုပ်ရှားမှုများ အကောင်အထည် ဖော်နိုင်ရေးအတွက် စီစဉ်တိုင်ပင်ခဲ့ကြသည်။ မေလ ၂ဝ ရက်နေ့တွင် ဦးဂမ္ဘီရနှင့် မိမိသည် မြေလတ်ဒေသသို့ ခရီးထွက်ဖြစ်ခဲ့ကြ၏။ ခရီးမထွက်မီ လုပ်ငန်းစဉ်များကို အောင်မင်္ဂလာ အဝေးပြေ ကားဝင်းအတွင်းရှိ အအေးဆိုင်တခု၌ သီးသန့် ဆွေးနွေးတိုင်ပင်ကာ လုပ်ငန်းစဉ်တချို့ ညှိနှိုင်းခဲ့သည်။ သို့သော် တူညီသည့် အဖြေတခု မရရှိခဲ့ပါ။
၂၁ ရက်နေ့ မနက်စောစောတွင် ပထမဦးဆုံးအနေဖြင့် မကွေးတိုင်း ရေနံချောင်းသို့ ရောက်ရှိခဲ့ပါသည်။ ရေနံချောင်းမြို့တွင်းရှိ မဟာဓမ္မိကာရာမ စမ္ပာယ်ရုံ စာသင်တိုက်၌ တည်းခိုပြီး၊ မြို့ပေါ် စာသင်တိုက်တချို့ရှိ မိမိနှင့် ချိတ်ဆက်ရာ သံဃာ တချို့ကို မိတ်ဆက်ပေးကာ မိတ်ဖွဲ့စေကြပြီးနောက် ချောက်မြို့သို့ ခရီးဆက်ခဲ့ကြ၏။ ချောက်မြို့၌ မြို့နယ်တာဝန်ခံ ဖြစ်သည့် ဦးသီလာနန္ဒနှင့် တွေ့ပေးပြီးကာ မိမိအနေဖြင့် စလေမြို့တဖက်ကမ်းရှိ တညောင်ရွာသို့ မိတ်ဆွေများနှင့် တွေ့ဆုံရန် ခရီးထွက်ခဲ့သည်။
မေလ ၂၃ ရက်နေ့၌ ဦးဂမ္ဘီရနှင့် လုပ်ငန်းစဉ်တချို့ ဆွေးနွေးညှိနှိုင်းရန်အတွက် တညောင်ကျေးရွာမှ ချောက်မြို့သို့ ပြန်လာခဲ့သည်။ ဦးဂမ္ဘီရတို့ တည်းခိုနေသည့် ကျောင်းကို လိုက်လံရှာဖွေပြီး တွေ့ဆုံခဲ့ရ၏။ ထို့နောက် ပွင့်ဖြူမြို့နယ် တာဝန်ခံ ဦးဝိမလလည်း ချောက်မြို့တွင် ရောက်နေပြီဖြစ်၍ မိမိတို့ ၄ ပါး စုပေါင်းတွေ့ဆုံနိုင်ရန်အတွက် ချောက်မြို့ အေးစေတီဘုရားကုန်းကို ရွေးချယ်ခဲ့ပါသည်။ ချောက်မြို့နယ်အတွင်း စာသင်တိုက်ကြီးများမှ သံဃာတချို့ကိုလည်း ဦးဂမ္ဘီရ အပါအဝင် မိမိတို့ ဒေသခံများနှင့် တွေ့ဆုံကာ ရေရှည်လုပ်ငန်းစဉ်များ ဆွေးနွေးနိုင်ရေးအတွက်လည်း စီစဉ်ဖြစ်ခဲ့ကြ၏။
ဇွန်လအတွင်း ဝါဆိုခါနီးကာလဖြစ်၍ ဝါတွင်း၌် ဘုန်းကြီးကျောင်း တခုခုတွင် နေထိုင်သီတင်းသုံးခွင့် ရရှိရေးအတွက် မိမိအနေဖြင့် လုံးပမ်းခဲ့ရသည်။ ကံအားလျော်စွာ စမ်းချောင်းမြို့နယ် ဗားကရာတိုက်အတွင်းက ကျောင်းတခု၌ နေထိုင်ခွင့်ရ၍ အဆင်ပြေချောမွေ့ခဲ့ရသည်။ ထို့အပြင် စမ်းချောင်းမြို့နယ် ဥယျာဉ်တိုက်အတွင်းက အင်္ဂလိပ်စာ သင်တန်းကျောင်းတွင်လည်း တက်ရောက်လေ့လာဖြစ်ခဲ့၏။
ဦးဂမ္ဘီရလည်း ယခင်က မိမိတို့ အတူနေထိုင်ခဲ့သည့် ရွှေပြည်သာမြို့နယ် ဆရာစံရပ်ကွက် တော်ဝင်လမ်းရှိ အိမ်၌ လုံခြုံရေး စိတ်မချရသည်ဖြစ်၍ သီရိမင်္ဂလာဈေးရှေ့ရှိ သီတာလမ်းထိပ်နားက တိုက်ခန်းတခုတွင် လျှို့ဝှက်စွာ ငှားရမ်းနေထိုင်ကာ လှုပ်ရှားမှု လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်အောင် အားထုတ်ကြိုးပမ်းခဲ့၏။ ထိုအိမ်ကိုလည်း မိမိကို အသိပေးထားခြင်း မရှိခဲ့၍ မိမိတို့ ခေတ္တ အဆက်အသွယ်ပြတ်သွားခဲ့သည်။
ထိုရက်ပိုင်းအတွင်း လက်ရှိ အကျဉ်းထောင်အတွင်း၌ ဖမ်ဆီးခံထားရသည့် ဇင်နီယာ (အမည်ဝှက်) ဆိုသည့် အမျိုးသမီးတယောက်နှင့် ခင်မင်ရင်းနှီးခဲ့ရ၏။ သူသည် တက်ကြွသည့် လူငယ်တဦးဖြစ်ပြီး ထိုအချိန်က အမေရိကန် စင်တာတွင် အင်္ဂလိပ်စာ လေ့လာနေ၏။ ထို့အပြင် သူသည် သတင်းစာလုပ်ငန်းကို ဝါသနာကြီးသူဖြစ်ကာ ထိုသတင်းလုပ်ငန်းဖြင့်ပင် ယခုအခါ နအဖ အကျဉ်းထောင်အတွင်း၌ အကျဉ်းစံနေရပြီ ဖြစ်သည်။ သူ့ကို အမေရိကန် စင်တာက အပြန် ဦးဂမ္ဘီရ၏ အမဖြစ်သူ မလွင်လွင်မြင့်မှ မိတ်ဆက်ပေး၍ စတင်၍ သိကျွမ်းခဲ့ရခြင်း ဖြစ်သည်။ ထိုအချိန်က မလွင်လွင်မြင့်လည်း အမေရိကန် စင်တာတွင် အင်္ဂလိပ်စာ လေ့လာနေချိန် ဖြစ်၏။ နောက်ပိုင်း ဇင်နီယာမှတဆင့် ရန်ကုန်တိုင်းအတွင်းရှိ လူငယ်တချို့နှင့် ခင်မင်ရင်းနှီးကာ အတူတကွ ပူးတွဲလှုပ်ရှားဖြစ်ခဲ့ကြသည်။
ဇွန်လ ၂၂ ရက်နေ့၌ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ်ရှိ စာသင်တိုက်တခုတွင် ခေတ္တ သီတင်းသုံးနေသည့် ဦးဂုရု ဆိုသည့် ဘုန်းတော်ကြီးကို လျှို့ဝှက်စွာ ကျင်းပမည့် ခေါင်းဆောင်မှုနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ စကားဝိုင်းသို့ မိမိနှင့်အတူ တက်ရောက်ရန် စည်းရုံးခဲ့ပြီး ဇွန်လ ၂၄ ရက်နေ့၌ မိမိတို့ နှစ်ပါးသည် ထိုဆွေးနွေးပွဲ စကားဝိုင်းသို့ တက်ရောက်လေ့လာ ဖြစ်ခဲ့ကြ၏။ ထိုစကားဝိုင်းတွင် လက်ရှိ အကျဉ်းစံများ ဖြစ်နေသည့် မသက်သက်အောင်၊ ကိုချစ်ကိုလင်း၊ မနိုးနိုး အပါအဝင် တခြား ကျောင်းသားအရေး လှုပ်ရှားသူများ၊ ကိုထွန်းထွန်းဦး (ထန်းတပင်) အပါအဝင် အလုပ်သမားအရေး လှုပ်ရှားသူများနှင့်လည်း အတူတကွ လေ့လာဆွေးနွေးခဲ့ရသည်။ ထိုဆွေးနွေးပွဲ စကားဝိုင်းကအပြန် ဦးဂုရုနှင့် မိမိတို့ အတော်ကို အားရကျေနပ်မိခဲ့၏။ ထို့နောက်လည်း မိမိတို့နှစ်ပါး အတွဲညီညီနှင့် လှုပ်ရှားဖြစ်ခဲ့ကြသည်။
သီတာလမ်းအိမ်သို့ ရောက်ပြီးနောက် ဦးဂမ္ဘီရတွင် ငွေရေးကြေးရေး အခက်အခဲ ကြုံတွေ့ခဲ့ရသည်။ ပုံမှန်အားဖြင့်ကား ဦးဂမ္ဘီရကို ထောက်ပံ့လှူဒါန်းနေသည့် ဒကာ၊ ဒါယိကာမများ ရှိနေခဲ့၏။ သို့သော် သီတာလမ်းအိမ်သို့ ရောက်ပြီးနောက် သူ့ဒကာတချို့နှင့် သဘောထားခြင်း မတိုက်ဆိုင်စရာ အယူအဆ တခုကြောင့် သူ့ဒကာနှင့် အဆက်သွယ် မလုပ်ဘဲ နေခဲ့၍ သူ့တွင် ငွေကြေးအခက်အခဲ ဖြစ်ခဲ့ရခြင်းပင်။
ဦးဂမ္ဘီရနှင့် မိမိတို့သည် ရဟန်းသံဃာများပင် ဖြစ်သော်လည်း နိုင်ငံရေး လှုပ်ရှားမှုများ၌ ပါဝင်ပတ်သက်နေသည်ဖြစ်၍ စာသင်တိုက်၊ ရိပ်သာ အစရှိသော ဘုန်းတော်ကြီးကျောင်းများတွင် အမြဲတစေ နေထိုင်နိုင်ခြင်း မရှိခဲ့သလို တချို့ကျောင်းတိုက်များ ဆိုရင်လည်း နေထိုင်ခွင့် မရရှိခဲ့ပေ။ ထို့ကြောင့်ပင် ဦးဂမ္ဘီရ အနေဖြင့် ကျောင်းတိုက်ပေါင်းများစွာကို ပြောင်းရွှေ့နေထိုင်ကာ ပါဠိပထမပြန် စာသင်သားဘဝကို ရပ်တည်ရှင်သန်ခဲ့ရ၏။
နောက်ဆုံး နေထိုင်ခဲ့သည့် အလုံမြို့နယ် သဒ္ဓမ္မဝံသ ကျောင်းတိုက်ဆိုလျှင် ရဟန်းပျိုသမဂ္ဂ (ရန်ကုန်) ဖွဲ့စည်းကြောင်း မီဒီယာနှင့် အင်တာဗျူးပြီးနောက်ပိုင်း နှင်ထုတ်ခံခဲ့ရသည်ဟု ဦးဂမ္ဘီရ၏ မှတ်တမ်းစာအုပ်လေးတခု၌ ဖတ်ခဲ့ရဖူးသည်။ ထိုကျောင်းသို့လည်း ဇူလိုင်လအတွင်းက မိမိကိုယ်တိုင် ရောက်ရှိခဲ့ဖူး၏။
ဤကဲ့သို့ နေထိုင်နိုင်ခြင်း မရှိ၊ နေထိုင်ခွင့် မရခဲ့သည်ဖြစ်၍ မိမိတို့၏ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး တည်းဟူသော ပစ္စည်းလေးပါးနှင့် နိုင်ငံရေးလှုပ်ရှားမှု လုပ်ငန်းများ ပုံမှန်ရပ်တည် ရှင်သန်နိုင်ရေးတို့အတွက် ငွေကြေးထောက်ပံ့ လှူဒါန်းကြမည့် ဒကာ၊ ဒါယိကာမများကိုသာ အားကိုးနေထိုင်ခဲ့ရသည်။ သို့သော်လည်း ပြည့်စုံလှသည် မဟုတ်ပါ။ မပြည့်စုံသည့် ကြားထဲမှာပင် စိတ်ဓာတ်ရေးရာအရ အခိုင်အမာ တည်ဆောက်ကာ ရပ်တည်ရှင်သန်ခဲ့ရ၏။ ဤသို့ နေထိုင်ရပ်တည်ခဲ့ကြသည်ကား ရဟန်းတပါးအနေဖြင့် ကျင့်ကြံရမည့် ဗုဒ္ဓဝိနည်းတော်များနှင့် အလုံးစုံ ကိုက်ညီပါသည်ဟု မဆိုချင်သော်လည်း ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာကို ရုပ်ဝတ္ထုပိုင်းဆိုင်ရာအရနှင့် စိတ်ဓာတ်ပိုင်း ဆိုင်ရာအရပါ တိုးတက်မြင့်မားစေလိုသည့် ပုထုဇဉ် ရဟန်းပျိုတပါးအတွက် မျက်မှောက်ခေတ် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး အခြေအနေများအရ လုံ့လပြုထိုက်သည့် လုပ်ငန်းတခုဟု မိမိတို့ ယူဆခဲ့ကြသည်။
ထိုသို့ ဗုဒ္ဓဝိနည်းတော်များနှင့် အလုံးစုံ ကိုက်ညီခြင်း မရှိခဲ့သော်လည်း ဗုဒ္ဓဝိနည်းတော်ပါ ကုစားနည်း၊ ကုစားဟန်များအရ ရဟန်းဘဝမှ လျောကျစေနိုင်သည့် ကြီးလေးသည် အပြစ် (အာပတ်) များကို မိမိတို့အနေဖြင့် ကျူးလွန်ထားခြင်း မရှိခဲ့၍ သာသနာ့ဝန်ထမ်း ရဟန်းတော်များပင်တည်း။ ဤသည်ကား အမှန်တရားပင် ဖြစ်၏။
အဆိုပါ ငွေကြေးအခက်အခဲ ဒဏ်ကြောင့် ဦးဂမ္ဘီရသည် နေ့စဉ် လုပ်ငန်းစဉ်များ ပုံမှန်လည်ပတ်နိုင်ရန်အတွက် အနှောင့်အယှက် ဖြစ်ခဲ့သည်။ ထို့ကြောင့် သူနေထိုင်ရာ တိုက်ခန်းတွင်ပင် အချိန်ကုန်စေကာ စာအုပ်စာပေ ဖတ်ရှုခြင်းဖြင့် တနေ့တာ ကာလများစွာကို ဖြတ်သန်း ကုန်ဆုံးစေခဲ့ရ၏။ ထိုအချိန်တွင် ဦးဂုရုဆိုသည့် ဘုန်းတော်ကြီးသည် ဦးဂမ္ဘီ ရနေထိုင်ရာ တိုက်ခန်းသို့ နေ့စဉ်လိုလို သွားရောက်ကာ အားပေးစကား ပြောကြားရင်းက နိုင်ငံရေး အတွေးအခေါ်များကို ဝါရင့်သူပီပီ နည်းလမ်းတကျ အပြန်အလှန် ဆွေးနွေး သုံးသပ်နိုင်ခဲ့ကြ၏။
ဦးဂုရုသည် သက်တော်အားဖြင့် ၆ဝ ဝန်းကျင်ခန့်ရှိသည့် ရဟန်းကြီးတပါးပင်။ သူသည် နိုင်ငံရေးလှုပ်ရှားမှု လုပ်ငန်းစဉ်များ၌ တောက်လျှောက် ပါဝင်လာသူဖြစ်ကာ အတွေ့အကြုံ ရင့်ကျက်ပြီး၊ မည်သူနှင့်မဆို ပေါင်းသင်းဆက်ဆံသရာတွင် သူ့ကိုယ်သူ နှိမ့်ချဆက်ဆံလေ့ ရှိ၏။ ထို့အပြင် စာပေလိုက်စားမှု့ ဘက်၌လည်း အထူးတလည် စိတ်ဝင်စားသူ ဖြစ်သည်။
သူကြောင့်ပင် NLD ရုံးချုပ်ကို ပထမဦးဆုံးအကြိမ် ရောက်ရှိခဲ့ရဖူးသည်။ ဒီချုပ်ရုံးကို ရောက်တော့ ကိုမျိုးခင် (ရန်ကင်းမြို့နယ်) က ဦးဂုရုကို အားရဝမ်းသာစွာဖြင့် ပင့်ဆောင်ကာ စကားပြောကြ၏။ မိမိကတော့ အဖွဲ့ချုပ် ရုံးစာရေးကြီး စားပွဲဝိုင်းနားတွင် ထိုင်ကာ စောင့်ဆိုင်းနေခဲ့ရသည်။ မိမိ စောင့်ဆိုင်းနေရချိန်သည် ၂ နာရီလောက် ကြာမည်ထင်၏။ ထို ၂ နာရီအတွင်း ရုံးစာရေးကြီးနှင့် စကားစမည် ပြောရင်းက စီအီးစီ (ဗဟိုအလုပ်အမှုဆောင် ကော်မတီ) အဖွဲ့ဝင် ဦးလွင်ကို တွေ့ဖူးမြင်ဖူးခဲ့သလို ဦးဉာဏ်ဝင်း၏ ဖော်ဖော်ရွေရွေနှင့် လေးလေးစားစား နှုတ်ဆက်ခြင်းကိုလည်း ခံခဲ့ရ၏။
ထို့အပြင် ၈၈ အရေးတော်ပုံ ၁၉ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို သာသနာ့ သိပ္ပံကျောင်း၌ ကျင်းပခဲ့ရာတွင်လည်း တက်ရောက်ခဲ့၏။ သို့သော် မိမိတို့ ရောက်သွားချိန်တွင်ကား အခမ်းအနား ပြီးဆုံးနေချိန်ဖြစ်၍ ကျန်ရှိသည့် ဝေယျာဝေစ္စလုပ်နေကြသူ အဖွဲ့ချုပ်ဝင်များနှင့်သာ တွေ့ဆုံခဲ့ရပြီး သာသနာ့သိပ္ပံ ဆရာတော်ကြီးကိုလည်း ဖူးမြော်ခဲ့ရသည်။ ဆရာတော်ကြီးက လူမှန်၊ နေရာမှန်ဖြစ်မှ နိုင်ငံရေး အစရှိသော ရေးရာ အဖြာဖြာတို့၌ တိုးတက်ကြီးပွားနိုင်မည် ဖြစ်ကြောင်းကို။ အိမ်ရှင်နှင့် အိမ်စောင့် (ဒရဝမ်) ကို ဥပမာပေး၊ နှိုင်းယှဉ်ကာ ဟောပြော ညွှန်ပြခြင်းကိုလည်း ၁၅ မိနစ်ခန့် ကြားနာခဲ့ရဖူး၏။
ထို သြဂုတ်လပိုင်းအတွင်း ဦးဂမ္ဘီရ နေထိုင်သည့် တိုက်ခန်းသို့ ပိုင်ရှင်က လာရောက်ကြည့်ရှုသွားခဲ့ပြီး ရပ်ကွက်လူကြီးများက ဘုန်းကြီးတပါးနေကြောင်း ပြောသဖြင့် လာကြည့်ကြောင်း အစရှိသည့်များနှင့် တခြား အကြောင်းအရာများ ပြောကြားသွားခဲ့သဖြင့် အနေရအထိုင်ရ ကျပ်တည်းသွားခဲ့သည်ဟု ဦးဂုရုမှတဆင့် မိမိ ကြားသိခဲ့ရသည်။ ထို့အပြင် ထိုအိမ်၌ နိုင်ငံရေးနှင့် ပတ်သက်သော စာအုပ်များ လျှို့ဝှက် အချက်အလက်များ ရှိနေသည်ဖြစ်၍ စိုးရိမ်စရာ ဖြစ်နေခဲ့၏။ ထိုတိုက်ခန်းကို အစတုန်းက ကျောင်းသားများအတွက် ရည်ရွယ်ပြောဆိုပြီး ကျောင်းသားတချို့နှင့် ဦးဂမ္ဘီရ အတူနေထိုင်နိုင်ရန်အတွက် ဒကာတယောက်က တာဝန်ခံကာ ငှားရမ်းပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် ကျောင်းသားများ မနေဖြစ်သည့်အတွက် ဦးဂမ္ဘီရ တပါးတည်း နေထိုင်ခဲ့ရသည်။ ထို့ကြောင့်ပင် ပတ်ဝန်းကျင်မှ သတိထားစရာ ကိစ္စတခုလို ဖြစ်နေခဲ့၏။
ထိုသတင်းကို မိမိ ကြားပြီး၍ ဦးဂမ္ဘီရကို မိမိအနေဖြင့် တစုံတခု ဖြစ်သွားမည်ကို စိုးရိမ်နေကြောင်းနှင့် ယခုကာလသည် မိမိတို့ အင်အားစုများအတွက် လှုပ်ရှားမှုများ အားကောင်းလာပြီး တစတစ ကျယ်ပြန့်လာရန် အရေးတကြီး လိုအပ်နေသလို၊ လုံခြုံရေးအရလည်း အရေးကြီးသည့် ကာလဖြစ်၍ လုံခြုံရေး အထူးဂရုစိုက်ရန် လိုအပ်ကြောင်း လက်ရှိပုံစံဖြင့် နေထိုင်၍ အဆင်မပြေပါက တခြားပုံစံတခုဖြင့် ပြောင်းနေထိုင်ရန် သတိပေးပြောကြားသည့် စာတစောင်ကို ဦးဂုရုမှတဆင့် ပေးပို့ခဲ့သည်။
သြဂုတ်လ ၁၅ ရက်နေ့ကစပြီး လောင်စာဆီဈေးနှုန်း မြင့်တက်လာမှုကြောင့် ကျောင်းသားခေါင်းဆောင်များ၊ ဒီချုပ်အဖွဲဝင်များ ဦးဆောင်ပြီး လမ်းလျှောက်ဆန္ဒပြကာ လောင်စာဆီဈေးနှုန်း လျော့ချရေး တောင်းဆိုမှုများကြောင့် လူထုအတွင်း စိတ်အားတက်မှုများ တိုးပွားလာခဲ့သလို မိမိတို့ သံဃာထုအတွင်း၌လည်း တက်ကြွမှုများ ကြီးထွားလာခဲ့၏။
Sunday, April 26, 2009
တိုင်းချစ်၊ ပြည်ချစ်စိတ်ဆိုတာ အဲဒီက လာတာပဲ
ဆောင်းပါး
ကိုမော်
အင်္ဂါနေ့၊ ဧပြီလ 21 2009 17:53 - မြန်မာစံတော်ချိန်
ဤကမ္ဘာမြေကြီးက နေကို တပတ်ပြည့်အောင် လှည့်သော အချိန်ကာလကို တနှစ်ဟု သတ်မှတ်ကြသည်။ တနှစ်တာကာလကို ၁၂ ပိုင်း ပိုင်းခြားလိုက်သောအခါ တပိုင်းတပိုင်းကို လူတို့ ဝေါဟာရဖြင့် လ ဟု ခေါ်၏။
ထိုသို့ တနှစ်တာကာလကို ဆယ့်နှစ်ပိုင်း ပိုင်းခြားထားသည်ဟု ဆိုကြသော်လည်း အညီအမျှပြု၍ တသမတ်တည်း ပိုင်းခြားနိုင်သည် မဟုတ်ဘဲ လသွားလမ်း၊ နေသွားလမ်း၊ ကြယ်သွားလမ်းတို့ကို ကြည့်၍ သူ့စနစ်နှင့်သူ ပိုင်းခြားသတ်မှတ်ကြသည်ဟု လေ့လာမှတ်သား ခဲ့ရဖူးပါသည်။
မြန်မာတို့ အယူအဆအရ တန်ခူးလဟူသည် နှစ်၏ အစ၊ နှစ်ဦးလ ဖြစ်ပြီး၊ ထုံးစံအားဖြင့် မြန်မာနှစ်သစ်ကို တန်ခူးလမှ အစပြုခဲ့ကြသည်။ တန်ခူးလတွင် သင်္ကြန်ကျ၍ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းလေရာ ထိုလတွင် သင်္ကြန်ပွဲတော်ကို ရှေးအစဉ်အဆက်ကတည်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါသည်။ သင်္ကြန်ဟူသည်မှာ သင်္ကန္တ ဟူသော ပါဠိစကားမှ ဆင်းသက်လာ၍ ရွတ်ဆိုသောအခါ သက္ကတတွင် ရှိသော ရရစ်သံဖြင့် ရွတ်ဆိုရပြီး ကူးပြောင်းခြင်းဟု အဓိပ္ပာယ်ရ၏။
သင်္ကြန်နှစ်သစ်ကူး အခါတော်တွင် ကိုယ်နှုတ်နှလုံး သုံးပါးစုံ စင်ကြယ်စေသည် ဟူသော အထိမ်းအမှတ်ဖြင့် သက်ကြီးရွယ်အိုများကို ဦးခေါင်း၊ ကိုယ်လက်တို့ကို ဆေးလျှော်သန့်စင်ပေးကြခဲ့၏။ ဤမင်္ဂလာအမှုနှင့် တဆက်တည်း ဂါရဝ၊ နိဝါတရားကို ရည်မှန်း၍ လူငယ်တို့က အသက်ကြီးရွယ်အိုတို့ကို ကန်တော့ကြလေသည်။
ဤသင်္ကြန်ပွဲတော်တွင် မြန်မာတိုင်းရင်းသားတို့သည် ပျော်ရွှင်စွာ ရေပက်ကစားကြပြီး၊ သင်္ကြန်ရေပက်ဖြန်းခြင်းသည် လေးနက်မွန်မြတ်သော အဓိပ္ပာယ်ရှိ၏ ဟူ၍ မှတ်ယူခဲ့ကြသည်။ ရေသည် မေတ္တာဓာတ်ကို တင်စားပြီး၊ ထိုသို့ ရေအေးနဲ့ ပက်ဖြန်းလိုက်ခြင်းအားဖြင့် “ရေလိုအေး၍ ပန်းလိုလန်းပါစေ” ဟူသော စေတနာကောင်းဖြင့် အဓိပ္ပာယ်ရှိရှိ အစဉ်အဆက် ကစားပျော်ပါးခဲ့ကြ၏။ ဤနေရာမှာ ပိတောက်ပန်းကို သင်္ကြန်ပန်းဟူ၍ လူသိများကြပါသည်။ ပိတောက်သည် အခိုင်လိုက်၊ အဆုပ်အခဲနှင့် ပွင့်သောကြောင့် တပင်လုံး ရွှေရောင်ကဲ့သို့ ဝင်းထိန်စေကာ ရိုးရာအတာသင်္ကြန်ကို အလှဆင်လေတော့၏။ ဤသို့ ရေပက်ဖြန်းကာ ကစားပျော်ပါးခြင်းကို လူကြီးလူငယ်မရွေး အလွန်ပျော်ရွှင်ကြည်နူးခဲ့ကြသည်။
သက်ကြီးရွယ်အိုများနှင့် ဘာသာတရားကိုင်းရှိုင်းသော လူငယ်များအနေဖြင့်လည်း သင်္ကြန်သည် တနှစ်ပြီးတနှစ် ကာလရွေ့လျား ပြောင်းလဲလာခြင်း၊ လူ့ဘဝတွင် လူတဦးတယောက်၏ နေထိုင်ခွင့်ရှိသည့် သက်တမ်း တစတစ ကုန်ဆုံးလာခြင်းကို သတိပြုကာ သေခြင်းတရားကို ဆင်ခြင်မိကြ၏။ ထိုသို့ သင်္ခါရဓမ္မကို ဆင်ခြင်မိကြသဖြင့် ဥပုသ် သီတင်းသီလ ဆောက်တည်ကြ၍ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းကြကာ နှစ်ကူးကာလကို ကုသိုလ်တရား ပွားများစေပြီး တည်ငြိမ်အေးချမ်းစွာ ဖြတ်သန်းခဲ့ကြလေသည်။
ထိုသို့ ရိုးရာယဉ်ကျေးမှုအရ အစဉ်အလာကြီးမားခဲ့သော မြန်မာ့ရိုးရာ အတာသင်္ကြန်သည် ကျနော်တို့ ဒီဘက်ခေတ်မှာ တစတစ ယုတ်လျော့လာကာ ရိုးရာအစဉ်အလာတွေ တဖြည်းဖြည်း ပပျောက်နေပြီကို အတော်များများ သတိထားမိကြမည်။ မကြာမီက လွန်မြောက်ခဲ့သည့် သင်္ကြန်ကာလကို ကြည့်ခြင်းအားဖြင့်လည်း အကျယ်ပြောစရာ မလိုဘဲ ထင်ရှားစေခဲ့ပါသည်။ ကျနော် ပြည်တွင်းမှာ နေထိုင်စဉ်က ကြုံခဲ့ဆုံခဲ့ရတဲ့ သင်္ကြန်ကာလတွေမှာလည်း သင်္ကြန်ဆိုသည့် အဓိပ္ပာယ်ကို နှစ်နှစ်ကာကာ သိခွင့်မရခဲ့သလို ရိုးရာအစဉ်အလာအရ အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းခဲ့ရတယ်ဆိုတာ မရှိခဲ့ပါ။
ယခုနယ်စပ်ကို ရောက်လာပြီး ကြုံခဲ့ရတဲ့ သင်္ကြန်ကာလမှာ အမိမြန်မာပြည်က ရိုးရာယဉ်ကျေးမှု သင်္ကြန်အလှများကို လွမ်းမောတမ်းတရင်းက အတာသင်္ကြန်နှင့် ပတ်သက်သည့် အကျိုးကျေးဇူး အထူးအဆန်းများကို ကြားခဲ့နာခဲ့ရသည့်အတွက် အံ့သြပီတိဂုဏ်ယူမိခဲ့ရပါသည်။
မကြာမီက လွန်မြောက်ခဲ့သည့် ၁၃၇ဝ ပြည့် ၂ဝဝ၉ နှစ်၏ နှစ်ကူးကာလမှာ ကုသိုလ်တရားများ တိုးပွားစေရန် ကျနော် နေထိုင်ရာ နေအိမ်သို့ သက်ကြီးရွယ်အို ဘုန်းတော်ကြီးတပါးကို ပင့်လျှောက်ပြီး ဆွမ်းကပ်လှူ ပူဇော်ခဲ့ပါသည်။ ထိုသို့ ဆွမ်းကပ်လှူပူဇော်ခဲ့သည့် သင်္ကြန်ကာလအတွင်း အမိမြန်မာပြည်၏ အတိတ်က လွမ်းမောဖွယ်ရာ သင်္ကြန်ကာလ အကြောင်းအရာများကို ဘုန်းတော်ကြီး၏ အတွေ့အကြုံ အယူအဆများအရ ဤသို့ ကြားခဲ့နာခဲ့ရပါ၏။
ဆရာဘုန်းကြီးက ....
“အင်း...မြန်မာပြည် သင်္ကြန်အကြောင်းပေါ့ကွာ။ အေး .. ဒို့ ၈၈ ဟိုဘက်ပိုင်းတုန်းက မြန်မာပြည်မှာရှိတဲ့ သင်္ကြန်နဲ့ အခု ၈၈ ဒီဘက်မှာ လုပ်နေကြတဲ့ မြန်မာပြည်ရဲ့ သင်္ကြန်ဟာ အရသာချင်း၊ အနှစ်သာရရှိတာချင်း မတူတော့ဘူး။ အနှစ်သာရတွေက ကွဲပြားသွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဘုန်းကြီးတို့ငယ်ငယ်တုန်းက သင်္ကြန်ပွဲတွေကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် အစရှိတဲ့ မြို့ကြီးတွေမှာ သင်္ကြန်ပွဲတွေ ကျင်းပကြတယ်။
အဲဒီမှာ ဘာတွေ တွေ့ရလဲဆိုတော့ အိမ်စောင့်အစိုးရဖြစ်တဲ့ ဦးနေဝင်းအစိုးရ၊ တော်လှန်ရေး ကောင်စီအစိုးရကို အစိုးရရဲ့ ပြုလုပ်ချက်အမှားတွေ၊ လိုအပ်ချက်တွေ၊ အကျင့်ပျက်ခြစားမှုတွေကို ပြည်သူတွေက တင်ပြ၊ ထောက်ပြဝေဖန်တဲ့ နေရာမှာ တနှစ်တကြိမ်ကျတဲ့ ဒီသင်္ကြန်ပွဲကို အသုံးပြုကြတယ်။ အစိုးရအပေါ်မှာ ပြည်သူတွေရဲ့ မကျေနပ်ချက်တွေ၊ လုပ်ကွက်အမှားတွေ၊ မတရားမှုတွေကို ထုတ်ဖော်ပြီး သံချပ်တွေထိုးပြီးတော့ တေးသရုပ်ဖော်တွေနဲ့ ဝေဖန်ထောက်ပြတဲ့ ဒီသင်္ကြန်ဟာ ဒို့ လူကြီးသူမတွေရဲ့ အပြောအရကတော့ အင်္ဂလိပ် ခေတ်ကတည်းက စခဲ့တယ်လို့ ဆိုရမယ်။
ဟိုတုန်းကတော့ ရိုးရာအတာသင်္ကြန်ဟာ ရိုးရာအရ ရေပက်ကစားခြင်းဆိုတဲ့ ယဉ်ကျေးမှုနဲ့ ရှေးခေတ် ပဝေသဏီကတည်းက လူကြီးသူမတွေက နေပြီးတော့ ဆင်နွှဲခဲ့ကြတယ်။ ဒါပေမဲ့ အင်္ဂလိပ်ခေတ်ကျတော့ မကျေနပ်မှုတွေကို ဖော်ထုတ်ရင်းနဲ့ သခင်တွေပေါ့။ တို့ဗမာအစည်းအရုံးက သခင်တွေက ပြည်သူလူထုကို နိုင်ငံရေးစိတ်ဓာတ် နိုးကြားအောင်ဆိုပြီးတော့ အဲသလို တေးအဆိုကလေးတွေ၊ သံချပ်ကလေးတွေနဲ့ အစိုးရကို တင်ပြတင်ပြလာခဲ့တာက အခြေတည်ခဲ့ပြီးတော့ ဒီဘက်မှာလည်း ဂျပန်ခေတ်၊ ပါလီမာန် ဒီမိုကရေစီခေတ်၊ တော်လှန်ရေး ကောင်စီခေတ်၊ မဆလခေတ် စသဖြင့် အဲသလို ခေတ်အဆက်ဆက်မှာ ဒီလိုနည်းပရိယာယ်တွေ သုံးပြီးတော့ အစိုးရကို ပြည်သူရဲ့ ရင်ထဲမှာရှိတဲ့ စကားတွေကို တနှစ်မှာ တကြိမ် တင်ပြခွင့်ရှိတဲ့ ကာလတခုပဲ ဆိုပြီးတော့ လူတွေက အဲသလိုသိပြီး၊ နားလည်ပြီးတော့ တက်ကြွလာတယ်။
နိုင်ငံရေးအသိအမြင်တွေ နိုးကြားလာကြတယ်။ လူငယ်တွေကလည်း နောက်တနှစ်မှာ ဒီလိုတင်ပြလို့ရဖို့အတွက် စူးစမ်းလာတယ်၊ ရှာဖွေလာကြတယ်။ ထောက်လာတယ်၊ ကြည်လာတယ်၊ လက်တွေ့ကျကျ တင်ပြလာကြတယ်။
အားနည်းချက်၊ အားသာချက်တွေကို သုံးသပ်လာကြတယ်။ အဲသလိုနဲ့ နိုင်ငံရေး အသိပညာတွေ တိုးပွားပြီး ငါတို့သာ ခေါင်းဆောင်ဖြစ်ရင် နိုင်ငံကို ဘယ်လို တိုးတက်အောင် လုပ်လိုက်မယ်ဟဲ့လို့ စသဖြင့် နိုင်ငံကို စောင့်ရှောက်လိုစိတ်၊ တိုးတက်ရာ တိုးတက်ကြောင်းကို ရှာဖွေဖော်ထုတ်လိုစိတ်၊ အမှားကို အမှားပါလို့ စေတနာပါပါနဲ့ ထောက်ပြလိုစိတ်တွေ အားကောင်းလာပြီး တိုင်းချစ်ပြည်ချစ်စိတ်ဆိုတာ အဲဒီက လာတာပဲရယ်လို့တောင် တင်စားရမယ်ကွ။
ဒီမှာ ပြောစရာရှိတာက သင်္ကြန်ဆိုတာ အတင်းပြောတဲ့ ကာလမဟုတ်ပါဘူး။ သူတပါးရဲ့ အပြစ်တွေ၊ လိုအပ်ချက်တွေကိုချည်း စောင်းပေးပြီး အပုပ်ချနေတာ မဟုတ်ဘဲ။ သူက ဒီမှာ မကောင်းတာကိုလည်း မကောင်းတဲ့အတိုင်း ပြောသလို ကောင်းတာကိုလည်း ကောင်းတဲ့အတိုင်း ချီးမွမ်းခန်းတွေ ထုတ်ကြတယ်။ ဒါကြောင့် အပြစ်နဲ့ ဂုဏ် နှစ်ရပ်လုံးကို ဒီသင်္ကြန်မှာ ပြောဆိုကြတာ၊ တင်ပြကြတာတွေ တွေ့ခဲ့ရပါတယ်။
ဒီတော့ကား .. ဦးဇင်းတို့အနေနဲ့ သုံးသပ်ရမယ်ဆိုရင် အဲဒိတုန်းက သင်္ကြန်ဟာ တရားမျှတတယ်၊ လွတ်လပ်မှုတွေ တစုံတရာ ရှိတယ်လို့ ဦးဇင်းတို့က ဒီလိုပြောချင်တယ်။ ဒီဘက်မှာကျတော့ လုံးဝ ပိတ်ပိတ်ကြီး ပါးစပ်ကို ပိတ်ထားတဲ့ သင်္ကြန်ဖြစ်နေတော့ ပြည်သူကို နိုင့်ထက်စီးနင်း အုပ်ချုပ်နေကြတယ်။ တရားမျှတမှု မရှိဘူး၊ လူထုကို တန်ဖိုးမထားဘူးလို့ ဆိုရမယ်။
အေး .. တို့ငယ်စဉ်ကလည်း နှစ်စဉ်နှစ်တိုင်း ဒီသင်္ကြန်ပွဲကို လှည့်လည်ပြီး လာခဲ့တာ အဲဒီအခြေအနေမှာ ဘာတွေ တွေ့ရသလဲဆိုရင် သင်္ကြန်အဖွဲ့တွေဟာ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်း၊ အဲဒီ ရပ်ကွက်တွေမှာရှိတဲ့ တက်ကြွတဲ့ လူငယ်တိုင်းဟာ စာရေးဆရာတွေနဲ့ ပေါင်းပြီး တနှစ်လုံး ရှာရတာပေါ့ကွာ။ တနှစ်လုံးမှာတွေ့တဲ့ ထိပ်ပိုင်းက အစိုးရဆိုတဲ့ လူတစုရဲ့ အကျင့်ပျက်ခြစားမှု၊ စက်ရုံ၊ အလုပ်ရုံက ဝန်ထမ်းတွေရဲ့ အကျင့်ပျက်ခြစားမှု၊ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ အကျင့်ပျက်ခြစားမှု၊ ပညာရေး ဝန်ထမ်းတွေရဲ့ အကျင့်ပျက်ခြစားမှု၊ အုပ်ချုပ်ရေး ဝန်ထမ်းတွေရဲ့ အကျင့်ပျက်ခြစားမှု စသဖြင့် သူတို့ ကျင်လည်ရာ ပတ်ဝန်းကျင်အသီးသီးက အရာထမ်း အမှုထမ်းတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကို စုံစမ်းဖော်ထုတ်ပြီး သင်္ကြန်ကျရင် ဒါတွေကို ပြည်သူတွေလည်း သိရမယ်၊ အထက်အရာရှိတွေလည်း သိအောင်ဆိုပြီးတော့ ပညာသားပါပါနဲ့ တင်ပြကြတယ်။
အဲဒီတုန်းက အထက်အရာရှိဆိုတဲ့ ပုဂ္ဂိုလ်တွေထဲမှာလည်း တိုင်းပြည်ကို တိုင်းပြုပြည်ပြု တိုင်းပြည်ချစ်တဲ့စိတ် ရှိသူတွေလည်း အများအပြား ရှိခဲ့ကြပါတယ်။ အဲဒီပုဂ္ဂိုလ်တွေကလည်း သူတို့ရဲ့အမှား၊ သူတို့ပြုမိခဲ့တဲ့ အမှားတွေ၊ တိုင်းပြည်မှာ ဖြစ်ပျက်နေတာတွေကို ဘယ်လောက်အထိ ဖြစ်ပျက်နေပြီလဲဆိုတာ သိချင်တော့ အဲဒီသင်္ကြန်မှာ အချိန်ပေးပြီး စိတ်ဝင်တစား ထိုင်ကြည့်ကြတယ်။
သူတို့ကိုယ်တိုင်လည်း ရေကစားမဏ္ဍပ်ကြီးတွေ၊ ဆုပေးမဏ္ဍပ်ကြီးတွေ ထိုးပြီးတော့ ဦးဆောင်ကျင်းပပေးကြတယ်။ အဲဒီမဏ္ဍပ်တွေကနေပြီး ပြည်သူတွေရဲ့ ရင်ဖွင့်သံတွေကို နားထောင်ကြရတယ်။ တာဝန်ရှိတဲ့ လူတွေကလည်း ဒီလိုတင်ပြလို့ ငါတို့ကို အပုပ်ချတယ်လို့ သူတို့က ဒီလို မသုံးသပ်ကြဘူး။
အဲဒီတော့မှ အာဏာပိုင် အဖွဲ့အစည်းတချို့က ဒီအထဲကနေပြီးတော့ ပြင်သင့်တာတွေကို ပြင်တယ်၊ ပြန်လည်ပြီး ရှင်းလင်းသင့်တာတွေကိုလည်း သေသေချာချာ အောက်ခြေက ဝန်ထမ်းတွေ နားလည်သဘောပေါက်အောင်လို့ ရှင်းလင်းပြောဆိုကြတယ်။ အဲဒါတွေ လုပ်ပေးကြတယ်ပေါ့ကွာ။ အများဆုံးကတော့ ပြန်လည်ဖြေရှင်းပေးတာတွေ များပါတယ်။ ဒါလေးတွေကိုလည်း ကြုံခဲ့ကြားခဲ့ရပါတယ်။ အဲဒီလိုနဲ့ ဟိုတုန်းက ၁ဝဝ ရာခိုင်းနှုန်း မဖြစ်ပေမဲ့ ၅ဝ ရာခိုင်နှုန်းလောက်ကတော့ ပြင်ဆင်သွားနိုင်ခဲ့ကြတယ်။ အဲဒီအထဲမှာက လုံးဝ အပြည့်အစုံ မလုပ်ပေးနိုင်တဲ့ လူတွေကတော့ သိပ်ပြီး အာဏာရူးတဲ့ လူတွေကလည်း မလုပ်ကြဘူးပေါ့ကွာ။
အဲဒါတွေကိုလည်း ဗြောင်ကျကျပဲ စာစောင်တွေနဲ့ ထုတ်ပြီးတော့ တင်ပြကြတာတွေ ရှိတယ်။ ဒီမှာ ပြန်ကြည့်လို့ရှိရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ဘာတွေ အနည်းငယ်၊ အထိုက်အလျောက် ရှိနေတယ်လို့ ဆိုရမယ်။
ဆိုတော့.. ခေတ်က ဆိုးတော့ ဆိုးတယ်ကွာ၊ ဒါပေမဲ့ လွတ်လပ်စွာ အနည်းငယ် ပြောလို့ဆိုလို့ ရသေးတယ်ပေါ့။
ဒီထဲမှာ အဆိုးဆုံးကတော့ ထိပ်ပိုင်းမှာရှိတဲ့ ဦးနေဝင်း အဆိုးဆုံးပဲ။ သူ့ကိုလည်း မြင်းလောင်းတဲ့ အကြောင်းတွေကို ပုံကြီးတွေနဲ့ ချိတ်ပြတာတွေ၊ ရုပ်ပြောင်တွေကို သင်္ကြန်မဏ္ဍပ်ကြီးတွေမှာ တေးသရုပ်ဖော်တွေနဲ့ သရော်ကြ၊ သရုပ်ဆောင်ပြကြတာတွေကို ရှိခဲ့တယ်။ အဲ.. ဒို့ကိုယ်တိုင်လည်း လုံ့လပြုခဲ့ရဖူးတယ်ကွာ။
ဒါပေမဲ့ ဦးနေဝင်းရယ်လို့ ထိပ်တိုက်ကြီး ပြောတာတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ သူ့ကို သရော်တဲ့ ပြက်လုံးတွေနဲ့ အဲသလို ရှုတ်ချပြီး ပြသကြတယ်။ နောက်တခါ ဦးနေဝင်း မိန်းမတွေ အများကြီးနဲ့ ဇိမ်ခံခဲ့တယ်၊ ယူခဲ့တယ်။ အဲဒါတွေကိုလည်း မယ်ရွေးပွဲ ပြက်လုံးတွေဘာတွေ ထုတ်ခဲ့ကြတာပေါ့။
အောက်ကနေ မျက်မှန်ကြီးနဲ့ ခေါင်းပေါင်းစကြီးနဲ့ သရေတမြားမြားနဲ့ပေါ့ကွာ။ အဲဒီမှာ ကောင်မလေးတွေကို မယ်ရွေးပွဲတွေဘာတွေ လုပ်ပြီး သရော်တာတွေ၊ ဟာသပြက်လုံးတွေ ထုတ်ခဲ့ကြတာ ရှိပါတယ်။ ဒီတော့ ဒို့ငယ်ငယ်တုန်းက အဲသလိုမျိုးတွေတောင် တင်ပြသရော်နိုင်ခဲ့ကြတယ်ကွာ။ ဒါပေမဲ့ သူလည်း သူ့ကို တိုက်ရိုက်ကြီး မပြောတဲ့အတွက် အရေးယူတာတို့ ဘာတို့ မလုပ်ခဲ့ကြဘူး။ ဒီလောက်အထိ သူလည်း မလုပ်ပါဘူး။ အောက်ခြေက လူတွေလည်း မလုပ်ကြဘူး။ ဒါပေမဲ့ မကောင်းတဲ့ ညဉ်ဆိုးအတိုင်း ဘာတခုမှ ကောင်းတာတွေ လုပ်တာ မတွေ့ခဲ့ရဘူး။
အေး.. ဒီဘက်ကျတော့ ဘယ်လိုဖြစ်လဲဆိုတော့၊ မင်းတို့ အခုမြင်တွေ့နေရတဲ့ ၈၈ ဒီဘက်မှာလည်းဆိုရော အဲသလို တင်ပြချက်တွေ ဘာတခုမှ လက်မခံတော့ဘူး၊ ဒ်ီအစိုးရက။ သူတို့ ဘာတွေလုပ်ကြလဲဆိုရင် သင်္ကြန်မှာ မဏ္ဍပ်တွေများများ မပေါ်အောင် သူတို့ လုပ်ထားကြတယ်။ မဏ္ဍပ်တွေထိုးရင် စည်ပင်သာယာက အခွန်တောင်းတယ်၊ ရေခွန်တွေ ဖိတောင်းတယ်၊ မလုပ်နိုင်အောင်။ နောက်တခါ ကားတွေက ဈေးကြီးတယ်၊ ဆီဈေးတွေ မြင့်ထားတယ်။ အဲဒီတော့ ကားတွေနဲ့လည်း မလည်နိုင်၊ မပတ်နိုင်ကြဘူး။ အဲတော့ ဒီနေရာမှာ လည်နိုင်ပတ်နိုင်တဲ့ လူတွေက ဘယ်သူတွေလဲဆိုတော့ အဲဒီ အစိုးရဆိုတဲ့ လူတစုနဲ့ ပေါင်းသင်းနိုင်တဲ့ ပိုက်ဆံရှိ လူကုံထံဆိုတဲ့ သူတို့ပြောတဲ့ လူကုံထံကြီးတွေလေ။
လူကုံမထံကြီးတွေပေါ့ကွာ။ ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ တိုင်းပြည်မျက်နှာ၊ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို မထောက်ထားဘဲကိုး။ အေး.. အဲဒီလို လူစားတွေထဲကနေပြီး ရေပေါ်ဆီ လူစားမျိုးတွေဟာ ပိုက်ဆံကို ဟောကနဲဟောကနဲ သုံးနိုင်တဲ့အတွက် ဒီသင်္ကြန်ကားတွေနဲ့ သင်္ကြန်ကို လည်နိုင်ကြတယ်။
နောက်တခုက ရေကစားမဏ္ဍပ်တွေ ထိုးတယ်။ ရေးကစားမဏ္ဍပ်တွေမှာ ပိုက်တချောင်းကို တသောင်းခွဲ၊ နှစ်သောင်း တောင်းပြီး ရေကစားခိုင်းကြတယ်။ အဲသလို ဒီဘက်ခေတ်မှာ စီးပွားရေးလုပ်ငန်း တခုအနေနဲ့ အပြိုင်အဆိုင် လုပ်လာကြတာတွေ တွေ့ရတယ်။ ဒီိသင်္ကြန်မှာ မှတ်မှတ်သားသားနဲ့ ယဉ်ကျေးမှုရဲ့ အရသာကို ဖော်ဆောင်တာ ဘာမှ မတွေ့ကြရတော့ဘူး။ သူတို့မှာ မူးရူးသောက်စားပြီး ရန်ဖြစ်နေတာပဲ တွေ့ရတာ၊ ကြားရတာ များတယ်။ အဲဒီတော့ သာမန် ပြည်သူလူထုအနေနဲ့က သူတို့လို ပိုက်ဆံမတတ်နိုင်တော့ ဒီနေရာကို မရောက်နိုင်ကြဘူး။
တချို့ဆိုရင် အပြင်ကို မထွက်ချင်ကြတော့ဘူးကွာ။ ကိုယ်ထွက်လည်း အပိုပဲလေ၊ ရေမှ မစိုဘဲကွာ။ အခုခေတ်က ကားနဲ့မှ မလည်ရင်၊ မဏ္ဍပ်မှာ ပိုက်ဆံပေးပြီး သွားမကစားနိုင်ရင် ရေမစိုတော့ဘူးကွာ။ အဲဒီတော့ လူငယ်တွေမှာ သင်္ကြန်နဲ့ ပတ်သတ်ပြီး ပျော်စရာ မရှိလှဘူးဟ။
တခုရှိတာက တချို့လူငယ်တွေအနေနဲ့က ကိုယ့်ရပ်ကွက်ထဲမှာ ကိုယ့်သူငယ်ချင်း အပေါင်းအသင်းလောက်နဲ့ အေး.. ဒီလောက် ပျော်ပါးတာလောက်ပဲ ရှိတော့တယ်။
ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်တခု ဖြစ်ဖို့ဆိုရင်တော့ကွာ.. အလှလည်း ပါရမယ်၊ အကလည်း ပါရမယ်။ နောက်တခု အရေးကြီးတာက တိုင်းပြည်ကိုလည်း အကျိုးပြုမယ့် တိုင်းပြုပြည်ပြု သီချင်းလေးတွေ ပါရမယ်။ သံချပ်ကလေးတွေ၊ တေးသရုပ်ဖော်လေးတွေနဲ့ သာမန်ပြည်သူတွေ ကွင်းကွင်းကွက်ကွက် မြင်အောင် စိတ်ဝင်စားမှု ရှိအောင် လက်တွေ့ကျကျ တင်ပြထောက်ပြတာလေးတွေ ပါရမယ်ပေါ့ကွာ။
အဲသလို သံချပ်အဖွဲ့တွေနဲ့၊ အကအလှတွေနဲ့၊ တေးသရုပ်ဖော်လေးတွေနဲ့ လွတ်လွတ်လပ်လပ် တင်ပြဖျော်ဖြေခွင့် ရှိတယ်ဆိုရင် ပြည်သူတွေလည်း စိတ်ဝင်စားမယ်၊ အပန်းလည်း ပြေမယ်၊ နိုင်ငံရေး အသိဉာဏ် တိုးပွားမယ်။ လူငယ်တွေလည်း တိုးတက်မှု ရှိမယ်ပေါ့။ တပြည်နယ်နဲ့ တပြည်နယ် ပေါင်းစည်းတဲ့ နေရာမှာလည်း လွယ်ကူမယ်။ တိုင်းရင်းသားအချင်းချင်း ချစ်ခင်မှုရှိမယ်၊ ယုံကြည်မှုတွေ ရလာမယ်ကွာ။
အခုတော့ အဲလို လူငယ်တွေရဲ့ လုံ့လပြု အားထုတ်မှုတွေ၊ ပြည်သူအတွက်၊ တိုင်းပြည်အတွက် အကျိုးဖြစ်စေမယ့် သံချပ်တွေ ရိုးရာအနှစ်သာရတွေ၊ ဒါတွေမပါဘဲနဲ့ သူတို့ အစိုးရတွေကနေပြီးတော့ ဟိုဈေးက ယိမ်းအဖွဲ့ထွက်၊ ဒီဈေးက ယိမ်းအဖွဲ့ထွက်၊ ဟိုဝန်ကြီးဌာန ယိမ်းအဖွဲ့ထွက်၊ အဲသလို အာဏာနဲ့ လူထုကို သူတို့ စိတ်ကြိုက် ခိုင်းနေတော့ ဒို့ ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ဟာလည်း စုတ်ပြတ်သွားတာပေါ့ကွာ။
ဒီတော့ လူငယ်တွေက သင်္ကြန်ကျရင် မူးရှုးသောက်စားပြီး မဖွယ်မရာ ကကြခုန်ကြမှ သင်္ကြန်ဆိုတာ အဓိပ္ပာယ် ရှိသယောင်ယောင် လူငယ်တွေရဲ့ စိတ်ထဲမှာ ထင်လာကြပြီကွာ။ ရိုးရာယဉ်ကျေးမှု အစဉ်အလာကို သူတို့ မသိကျတော့ဘူး။ ဒီလို ရိုးရာယဉ်ကျေးမှုရဲ့ အကြောင်းအချက်အလက်တွေကို မသိတဲ့အခါ၊ လုပ်ခွင့်မရတဲ့အခါကျတော့ မူးရှုးပြီး ကခုန်နေရတာလေးကိုပဲ အပျော်ကြီး ပျော်ပြီးတော့ နေကြရတာပဲ။ ဒါပေမဲ့ အင်မတန် ကြောက်စရာ ကောင်းတယ်။
ဘာဖြစ်လို့လဲဆိုရင် တကယ်မတိုးတက်ပါဘဲနဲ့ တိုးတက်ချင်ယောင် ဆောင်နေတဲ့ တိုင်းပြည်ကြီး၊ တကယ် မကောင်းပါပဲနဲ့ ကောင်းချင်ယောင် ဆောင်နေတဲ့ တိုင်းပြည်ကြီးမှာ အနာဂတ်ကို ဦးဆောင်ကြမယ့် လူငယ်မျိုးဆက်သစ်တွေရဲ့ ဘဝဟာ မူးရှုးသောက်စား ပျော်ပါးခြင်းနဲ့ပဲ အချိန်တွေ အလကား ကုန်ဆုံးနေကြပြီဆိုရင်ကွာ၊ တိုင်းပြည်ရဲ့ သမိုင်းပေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ သူတို့မှာ အစွမ်းအစတွေ တစတစ လျော့ပါးလာမယ်။ ဒီလိုသာဆို ဒို့တိုင်းပြည်ရဲ့ အနာဂတ်က အတော့်ကို ရင်လေးစရာ ကောင်းနေမယ်။
အေး.. ဒါပေမဲ့ တချို့ လူငယ်လေးတွေ၊ လူငယ်ခေါင်းဆောင်တွေ ကျတော့လည်း တကယ်တော်ကြပါတယ်။ မင်း ကြည့်လေ ... ဒို့ အခုခေတ် အတိုက်အခံလောကမှာ လူငယ်တွေ၊ ရဟန်းပျိုတွေ အတော်များများ ဦးဆောင်လာကြတာကို ကြည့်ခြင်းအားဖြင့် ဒို့ လူမျိုးတွေဟာ မညံ့ကြဘူး။ ထို့အတူပဲ၊ ဒို့ တိုင်းပြည်ကြီးဟာ အချိန်မီ ပြောင်းလဲပြီး ပြုပြင်လာနိုင်ကြတယ် ဆိုရင်တော့ ကောင်းဖို့ အလားအလာတွေ အများကြီးရှိမယ်လို့ သုံးသပ်မိတယ်ကွာ”။
ဟုတ်ပါသည်။ ဆရာဘုန်းကြီး ပြောသကဲ့သို့ - ကျနော်တို့ ပြည်တွင်းမှာ ဖြတ်သန်းခဲ့ရသည့် နှစ်စဉ်နှစ်တိုင်း သင်္ကြန်ကာလများတွင် သံချပ်များ၊ တေးသရုပ်ဖော်များကို မကြုံခဲ့ မကြားခဲ့ရပါ။ ထို့အတူ သံချပ်နှင့် သင်္ကြန်သည် ဒွန်တွဲနေသော မြန်မာ့ယဉ်ကျေးမှု တခုဆိုတာလည်း နားမလည်ခဲ့မိပါ။ သံချပ်နှင့် သင်္ကြန်ကာလများ၏ အကျိုးဆက်များမှနေ၍ တိုင်းရေးပြည်ရာများ၊ အမျိုးသားရေး စိတ်ဓာတ်များကို လှုံ့ဆော်ကာ နိုးကြားမှု ဖြစ်စေခဲ့ကြောင်း ကျနော် ကြုံခဲ့ဆုံခဲ့ရသည့် သင်္ကြန်ကာလများမှာရော၊ ပတ်ဝန်းကျင်မှာပါ မကြုံခဲ့ မကြားခဲ့ရဖူးပါ။
ယခုအခါ နယ်စပ်ဒေသကို ရောက်လာပြီး ကြုံခဲ့ရတဲ့ သင်္ကြန်ကာလမှာတော့ အမိမြန်မာပြည်က ရိုးရာသင်္ကြန် အလှအပများကို လွမ်းမောတမ်းတရင်းက အတာသင်္ကြန်နဲ့ ပတ်သက်သည့် အကျိုးကျေးဇူးများကို ကျနော် ကြားခဲ့နာခဲ့ရသည့် အကြောင်းအချက်အလက် တချို့မှ ထုတ်နုတ်ကာ မျှဝေခံစားလိုက်ရပါသည်။
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေပါစေ။
မဇ္ဈိမမှ ကူးယူဖော်ပြသည်။
Monday, April 13, 2009
ကြုံရဆုံရ ရွှေဝါရောင် တော်လှန်ရေး အကြိုကာလ - အပိုင်း (၃)
ဆောင်းပါး
ကိုမော်
အင်္ဂါနေ့၊ မတ်လ 31 2009 14:02 - မြန်မာစံတော်ချိန်
ထိုစကားရည်လုပွဲ ပြီးဆုံး၍ကား ခဏကြာမျှ အနားယူပြီးနောက် မိမိတို့ မြေလတ် သံဃာတော်များ စုစည်းကြကာ ဦးဂမ္ဘီရ၏ ညွှန်ကြားချက်ဖြင့် ရဟန်းပျိုသမဂ္ဂ ဆိုတဲ့ ခေါင်းစဉ်ကို အသုံးပြုပြီး သံဃာ့ အစုအဖွဲ့လေးတခုကို ခိုင်မာစွာ တည်ဆောက်နိုင်ရန်အတွက် ဆွေးနွေး တိုင်ပင်ခဲ့ကြပါသည်။ ထိုသို့ ဆွေးနွေး တိုင်ပင်ခဲ့ကြပြီး၍ သက်ဆိုင်ရာ ဒေသများ၌ အဖွဲ့ဝင် သံဃာအများစု၏ သဘောတူညီမှုကိုရယူကာ နိုင်ရာတာဝန် အသီးသီးကို ခွဲဝေယူကြပြီးနောက် ရဟန်းပျိုသမဂ္ဂ (မြေလတ်ဒေသ) ဆိုတဲ့ ဒေသဆိုင်ရာ အစုအဖွဲ့လေးကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ကြပါတော့သည်။
ထိုဒေသဆိုင်ရာ အဖွဲ့အစည်း၌ _
1. ဦးဣဿရိယ (ဂျောင်းဂျောင်း) - အထွေထွေတာဝန်ခံ (လက်ရှိ အကျဉ်းထောင်)
2. ဦးဝါယမသာရ - တွဲဖက်တာဝန်ခံ (စာရေးသူ)
3. ဦးသီလာနန္ဒ - စည်းရုံးရေးတာဝန်ခံ
4. ဦးဝိမလ - စည်းရုံးရေးတာဝန်ခံ
5. ဦးသံဝရ - စည်းရုံးရေး တာဝန်ခံ
6. ဦးဣန္ဒာစာရ - ဘဏ္ဍာရေး တာဝန်ခံ
7. ဦးခေမိက - ဆက်သွယ်ရေး တာဝန်ခံ
8. ရှင်ဝေဠုရိယ - ရေနံချောင်း တို့နှင့် တောင်တွင်းကြီးမြို့နယ် ညောင်ဦးမြို့နယ်
စည်းရုံးရေး တာဝန်ခံဆရာတော်များ အပါအဝင် သံဃာတော် စုစုပေါင်း ၁၁ ပါးက အသီးသီးသော တာဝန်များကို ခွဲဝေယူကြကာ ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်တွင် အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပါသည်။ ပခုက္ကူမြို့နယ်က သံဃာတချို့နှင့် စလင်းမြို့နယ် သံဃာတချို့ကို မိမိအနေဖြင့် လတ်တလော တွေ့ဆုံဆွေးနွေးနိုင်ရန် အခက်အခဲရှိနေသည်ဖြစ်၍ တာဝန်ပေးပြီး ထည့်သွင်းဖွဲ့စည်းဖို့်ရန် မဖြစ်နိုင်သေးဘဲ ဖြစ်နေခဲ့၏။ သို့ဖြစ်၍ ဦးဣဿရိယနှင့် တိုင်ပင်ကာ အဖွဲ့ဝင်အဖြစ်သာ လျာထားသတ်မှတ်ခဲ့သည်။
ထိုသို့ ဖွဲ့စည်းနိုင်ခဲ့ပြီးနောက် ဦးဣဿရိယက “ရဟန်းပျိုသမဂ္ဂ မြေလတ်အဖွဲ့၏ ပထမဦးဆုံး လှုပ်ရှားမှုအနေဖြင့် ပရိတ်ကြီး ၁၁ သုတ်တော်ပါ မေတ္တာသုတ် ဒေသနာတော်နှင့် မေတ္တာဘာဝနာကို မိမိတို့ တာဝန်ယူရာ မြို့နယ်အသီးသီးရှိ စေတီပုထိုးများ၌ မိမိတို့ ဒေသအတွင်း သံဃာတော်များကို စုစည်းကာ ရွတ်ဖတ်ပူဇော်ပြီး မေတ္တာပို့သသော ဝတ်ပြုဆုတောင်းပွဲများကို လပြည့်လကွယ်နေတိုင်း ပြုလုပ်ကြရန်” တိုက်တွန်းပြောဆိုခဲ့သည်။ မိမိအနေဖြင့်လည်း “ကောင်းပါတယ် လုပ်ရမှာပေါ့” ဟုသာ သဘောထားပေးဖြစ်ခဲ့၏။
ထို့နောက် ဖေဖော်ဝါရီလ ၁၂ရက်နေ့၌ မိမိတို့ ဆွေးနွေးပွဲဆိုင်ရာ ခေါင်းစဉ်တခုကို ထပ်မံလေ့လာ ဆွေးနွေးနိုင်ဖို့ တိုင်ပင်ခဲ့ကြ၏။ ထိုသို့ တိုင်ပင်ရာတွင် သံဃာတချို့က ၎င်းတို့၏ ပါဠိပထမပြန် စာမေးပွဲ နီးလာသည်ဖြစ်၍ မိခင်စာသင်ကျောင်းတိုက်များသို့ အစောတလျင် ပြန်ကြွရန် စိတ်အားသန်နေကြသည်။ မိမိအပါအဝင် သံဃာတချို့အနေဖြင့်ကား ရက်အနည်းငယ်ခန့် အချိန်ယူပြီး ထပ်မံလေ့လာကာ ဆွေးနွေးလိုစိတ် ပြင်းထန်နေခဲ့သည်။ သို့ဖြစ်၍ ပြန်ကြွလိုကြသည့် သံဃာတချို့ကို ပြန်လည်ကြွချီကြဖို့ လျှောက်ထားခဲ့ကြကာ ပြန်မကြွလိုဘဲ ဆက်လက်လေ့လာ ဆွေးနွေးလိုကြသည့် သံဃာတချို့လည်း နေခဲ့ကြဖို့ လျှောက်ထားခဲ့ရ၏။
ဆွမ်းကွမ်းကိစ္စနှင့် အခြား လိုအပ်သည်များကို တာဝန်ယူကာ လှူဒါန်းနေကြသော ဒါယိကာများကိုလည်း၊ ပြန်ကြွမည့်သံဃာတော်များ အဆင်ပြေချောမွေ့စွာ ပြန်ကြွနိုင်စေရေးအတွက် ခရီးစရိတ်၊ အသုံးစရိတ်များနှင့် အခြား မိမိတို့ သဒ္ဓါတရား ထက်သန်မှုအပေါ် အခြေခံ၍ လှူဒါန်းဖွယ်ရာများကို လှူဒါန်းပူဇော်ကြရန် တိုက်တွန်းပြီး ကျန်ရှိသည့် သံဃာတော်များအတွက်လည်း ဆွမ်းကွမ်းကိစ္စကို ဆက်လက်စီမံနိုင်ရန် အကြောင်းကြားခဲ့ရ၏။
ထို့နောက် သံဃာ့ဒူတ တာဝန်ခံဆရာတော် အပါအဝင် မိမိတို့ မြေလတ်အဖွဲ့ဝင်တချို့နှင့် မန်းသံဃာတချို့ စုစည်းကာ နိုင်ငံရေးအံတုမှုဆိုသည့် ခေါင်းစဉ်တခုကို ရွေးချယ်ပြီး ထပ်မံလေ့လာ၍ ဆွေးနွေးသုံးသပ်ဖြစ်ခဲ့ကြသည်။ ထိုလေ့လာဆွေးနွေးပွဲ၌ နအဖ စစ်အစိုးရကို အကြမ်းမဖက်သော နည်းလမ်းများကို အသုံးပြုပြီး နိုင်ငံရေးအရ အတိုက်အခံပြု အံတုကာ နာခံမှုကို လျှော့ချနိုင်မည့် နည်းလမ်းများနှင့် အခြား လေ့လာဖွယ်ရာ အဖြာဖြာတို့ကို စုပေါင်းလေ့လာ၍ အပြန်အလှန် ဆွေးနွေးသုံးသပ်ခဲ့ကြသည်။ ထို လေ့လာဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ဒုတိယပတ် အကုန်ထိ လေ့လာသုံးသပ်ခဲ့ကြပြီး ဖေဖော်ဝါရီလ တတိယအပတ်အတွင်း ရန်ကုန်သို့ ပြန်လာခဲ့ကြ၏။ ရန်ကုန်၌ ဦးဂမ္ဘီရ၏ တာဝန်ယူဧည့်ခံမှုဖြင့် တည်းခိုလည်ပတ်ကာ အရှင်ဂမ္ဘီရနှင့်လည်း နိုင်ငံရေးအရ လက်တွေ့ကျသည့် ရေရှည် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ထပ်မံဆွေးနွေးဖြစ်ခဲ့သည်။ ထို့နောက် မိမိတို့ နေထိုင်သီတင်းသုံးရာ မြေလတ်ဒေသသို့ အသီသီးပြန်ကြွခဲ့ကြ၏။
တပေါင်းလပြည့်နေ့ မတိုင်မီ ရက်အနည်းငယ်သာ လိုအပ်လာချိန်မှ ဦးဣဿရိယနဲ့ မိမိ ဖုန်းအဆက်အသွယ် ပြန်ရခဲ့ပါသည်။ ဦးဂမ္ဘီရ လက်ကိုင်ဖုန်းမှတဆင့် ဦးဣဿရိယနဲ့ စကားပြောဖြစ်ခဲ့ရာက မိမိတို့ကို မေတ္တာပို့သသော ဝတ်ပြုဆုတောင်းပွဲကို တပေါင်းလပြည့်နေ့မှ အစပြုပြီး လပြည့်လကွယ်နေ့တိုင်း ပုံမှန် ပြုလုပ်နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းခဲ့ပါသည်၊ ထို့အပြင် ပါဝင်သည့် သံဃာထု အခြေအနေပေါ် မူတည်ပြီး အုပ်စုခွဲကာ အသေးစား လှုပ်ရှားမှုလေးက အစပြု၍ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လှုပ်ရှားနိုင်အောင် ကြိုးစားတည်ဆောက်ကြရန် တိုက်တွန်းခဲ့၏။ မှတ်တမ်းတင် ဓာတ်ပုံများကိုလည်း ရိုက်ကူးထားကြရန် ပြောကြားခဲ့ပါသေးသည်။
မိမိအနေဖြင့်လည်း “ကောင်းပါးတယ် အနည်းဆုံးတော့ ကိုယ့်သံဃာထုအတွင်း မိမိတို့ တိုင်းပြည်နဲ့ လူမျိုးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်တတ်လာခြင်း အစရှိတဲ့ လှုပ်ရှားမှု အလေ့အထလေးတခု (သို့မဟုတ်) အသိစိတ်ဓာတ်လေးတခုတော့ ဖြစ်သွားနိုင်မှာပါ” ဟု ပြောကြားကာ ဖြစ်မြောက်အောင် ကြိုးစားပြီး အကောင်အထည် ဖော်ပါ့မယ်လို့ ကတိပေးခဲ့လိုက်၏။ ထို့နောက် မိမိတို့ မြေလတ်အဖွဲ့ စည်းရုံးရေး တာဝန်ခံ ရဟန်းပျိုများ အခြေစိုက်ရာ ဒေသများသို့ မေတ္တာပို့ ဆုတောင်းပွဲလေးများကို အသီးသီး အကောင်အထည်ဖော် ပြုလုပ်ကြရန်နှင့် မှတ်တမ်းတင် ဓာတ်ပုံများကိုလည်း ရိုက်ကူးထားကြရန် တိုက်တွန်းခဲ့ရ၏။
ထို့နောက် တပေါင်းလပြည့်နေ့မှစကာ ရေနံချောင်းမြို့ပေါ်ရှိ လောကမှန်ကင်းဘုရား ကျောက်စာရုံဘုရား၊ (ရှစ်မျက်နှာ) စနေနံဘုရားတို့၌ “ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဗမာ့ငြိမ်းချမ်းရေး” အတွက် ဟူသော ကြွေးကြော်သံကို ကိုင်စွဲကာ မေတ္တာသုတ်ရွတ်ဖတ် ပူဇော်ပွဲနှင့် မေတ္တာပို့သသော လှုပ်ရှားမှုများကို သံဃာအပါး ၃ဝ ခန့်နှင့်အတူ ဦးဆောင်ပြုလုပ်ခဲ့ပါသည်။
ထို ဝတ်ပြုဆုတောင်းပွဲအတွက် တပေါင်းလပြည့်နေ့ မနက်ပိုင်းတွင်မှ ရေနံချောင်းမြို့ပေါ် စာသင်တိုက် အသီးသီးရှိ မိမိနှင့် ချိတ်ဆက်ရာ သံဃာတချို့ကို စည်းရုံးလှုံ့ဆော်ကာ ညနေ ဆုတောင်းပွဲမစမီ မိမိတို့ သတ်မှတ်ပြင်ဆင်ထားရာ စေတီများသို့ အချိန်မီ ကြွရောက်ကြရန် တိုက်တွန်းလျှောက်ထားခဲ့၏။ ထို့နောက် မိမိတို့ ဝတ်ပြုဆုတောင်းမှုပြုရာတွင် အချိုရည် အစရှိသော ဝတ္ထုပစ္စည်းများ လှူဒါန်းထောက်ပံ့ကြမည့် အလှူရှင်များထံသို့လည်း အချိန်မီ သွားရောက်အကြောင်းကြားကာ စည်းရုံးပြင်ဆင်ခဲ့ရ၏။
တပေါင်းလပြည့်နေ့ ညနေ ၅ နာရီအချိန်ခန့်မှ စတင်ကာ ရေနံချောင်းမြို့ လောကမှန်ကင်းစေတီတွင် မိမိကိုယ်တိုင် ဦးဆောင်ကာ သံဃာ ၈ ပါးနှင့်အတူ ဝတ်ပြုဆုတောင်းခဲ့သလို ကျောက်စာရုံဘုရားအတွင်း၌လည်း ဦးသံဝရ ဦးဆောင်ကာ သံဃာ ၉ ပါး၊ (ရှစ်မျက်နှာ) စနေနံဘုရားတို့၌လည်း ဦးခေမိက ဦးဆောင်ကာ သံဃာ ၆ ပါးနှင့်အတူ ဝတ်ပြုဆုတောင်းခဲ့ကြသလို အခြားစေတီ အသီးသီး၌လည်း တာဝန်ခံ သံဃာတော်များမှ ဦးဆောင်ကာ ဝတ်ပြုဆုတောင်းခဲ့ကြသည်။ ထို ဝတ်ပြုဆုတောင်းပွဲများကို သီတင်းတပတ် ဥပုသ်နေ့တိုင်း တညီတညွတ်တည်း အပတ်စဉ် စုစည်းပြုလုပ်ခဲ့ကြ၏။ အခြား မြို့နယ်အသီးသီး၌လည်း တာဝန်ခံ သံဃာတော်များမှ ဦးဆောင်ကာ မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ပွဲနှင့် မေတ္တာပို့သသော လှုပ်ရှားမှုများကို အပတ်စဉ် ပြုလုပ်ဖြစ်ခဲ့ကြောင်း ကြားသိခဲ့ရ၏။
ဦးဂမ္ဘီရနှင့် မိမိတို့ ရန်ကုန်၌ တွေ့ဆုံစဉ်က ဦးဂမ္ဘီရဆီ၌ နိုင်ငံရေးနှင့် ပတ်သတ်သော လေ့လာဖွယ်ရာ စာအုပ်စာပေ အများအပြားရှိသည်ဟူ၍ ပြောကြားခဲ့ဖူးသည်။ မိမိကလည်း စာဖတ်ဝါသနာပါသည့်အပြင် နိုင်ငံ့အရေးနဲ့ ပတ်သက်၍လည်း တက်ကြွမှု ရှိနေသည်ဖြစ်၍ လေ့လာချင်ကြောင်း ပြောကြားသည့်အခါ ဦးဂမ္ဘီရက သူ့အနေဖြင့် မိမိတို့ ပါဠိပထမပြန် စာမေးပွဲပြီးသည့်အခါ စီစဉ်ပေးနိုင်ပါသည်ဟု ပြောကြားခဲ့ဖူးသော စကားရပ်ကို အခြေခံကာ မတ်လ ၂၇ ရက်နေ့၌ စလေမြို့မှ ဦးဂမ္ဘီရထံ ဆက်သွယ်အကြောင်းကြားခဲ့သည်။ မိမိစာမေးပွဲ ဖြေဆိုပြီးပြီဖြစ်၍ ရန်ကုန်မြို့သို့ လာရောက်နိုင်ပြီဖြစ်ကြောင်း ဦးဣဿရိယမှတဆင့် ပြောကြားခဲ့ပါသည်။ ဦးဂမ္ဘီရက သူ ခရီးထွက်စရာ အကြောင်းကိစ္စ ပေါ်လာသည်ဖြစ်၍ တပတ်လောက် စောင့်ပါရန် မိမိထံ အကြောင်းပြန်ခဲ့၏။ ထို့နောက် မိမိလည်း မင်းဘူးနှင့် စလင်းမြို့နယ်များသို့ ခရီးထွက်ခဲ့၏။
ဧပြီလ ၈ ရက်နေ့တွင် ရန်ကုန်၌ ဦးဂမ္ဘီရ ပြန်လည်ရောက်ရှိနေပြီဟု အကြောင်းကြား၍ စလင်းမြို့နယ်မှအပြန် ချောက်မြို့မှတဆင့် ရန်ကုန်သို့ ထွက်လာခဲ့ပါသည်။ ဧပြီလ ၁၁ ရက်နေ့ နေ့လယ် ၃ နာရီလောက်ကျမှ ဦးဂမ္ဘီရနှင့် ဖုန်းအဆက်အသွယ် ရခဲ့၏။ မိမိ ရန်ကုန်သို့ ရောက်နေပြီဖြစ်ကြောင်း အကြောင်းကြားရာတွင် ဦးဂမ္ဘီရက သူ ယခုလောလောဆယ် အစည်းအဝေးတခု ရှိနေသည်ဖြစ်၍ သည်းခံပြီး နာရီဝက်ခန့် စောင့်ရန်နှင့် မိမိအတွက်လည်း အဆင်သင့်ဖြစ်အောင် သူ စီစဉ်ထားပြီးဖြစ်ကြောင်း ပြောပါသည်။ ထို့နောက် မြေနီကုန်း ကားမှတ်တိုင်အနီး လောကနတ် လက်ဖက်ရည်ဆိုင်၌ အချိန်းအချက် ပြုလုပ်ကာ ထိုင်စောင့်နေလိုက်၏။ တနာရီ ဝန်းကျင်ခန့်ကြာမှ ဦးဂမ္ဘီရ ရောက်ရှိလာခဲ့သည်။ ထို့နောက် မိမိလက်ကို ဆွဲကာ အရေးတကြီး ချိန်းဆိုထားသည့် ကိစ္စရှိ၍ တာမွေဈေးရှေ့သို့ ခပ်သုတ်သုတ် ထွက်လာခဲ့ကြ၏။
တာမွေဗလီ အနီးအနားရှိ လက်ဖက်ရည်ဆိုင်တခု၌ အဆင်သင့်စောင့်နေသော အယ်ဒီတာတဦးနှင့် ဆွေးနွေးတိုင်ပင်စရာ ရှိနေသည်ဖြစ်၍ မိမိက တခြားစားပွဲဝိုင်းသို့ ရှောင်ပေးခဲ့ရ၏။ ထို့နောက် ည ၁၁ နာရီခန့်မှ ရွှေပြည်သာမြို့နယ်အတွင်း ရောက်ရှိကြကာ အလုပ်သမားအရေး လှုပ်ရှားနေကြသူ လူငယ်တချို့နှင့် ထန်းခြောက်ပင်ကွေ့အနီး တွေ့ဆုံခဲ့သည်။ သူတို့အနေဖြင့် ငွေကြေးတချို့အတွက် အခက်အခဲရှိနေသဖြင့် ဦးဂမ္ဘီရမှ ခေတ္တ အကူအညီပေးကာ ပြေလည်စေပြီးနောက် ည ၁၂ နာရီခန့်တွင်မှ မိမိတို့ ရွှေပြည်သာ ဆရာစံရပ်ကွက်ရှိ ဒါယကာတဦး နေအိမ်သို့ ရောက်ရှိခဲ့၏။
ထို့နောက် မိမိသည် ရွှေပြည်သာမြို့နယ် ဆရာစံရပ်ကွက်ရှိ ဦးဂမ္ဘီရ ခေတ္တ သီတင်းသုံးရာ ဒါယကာတဦး အိမ်တွင်ပင် ဦးဂမ္ဘီရနှင့်အတူ နေထိုင်ခဲ့ပါသည်။ ထိုအိမ်၌ သထုံမြို့မှ ရဟန်းပျိုတပါးလည်း ဦးဂမ္ဘီရနှင့် အတူနေကာ နိုင်ငံရေးအရ စည်းရုံးလှုပ်ရှားမှုများကို ပူးပေါင်းလုပ်ကိုင်လျက်ရှိသည်။ နောက်ပိုင်း ဦးဂမ္ဘီရ၏ ပြောပြချက်များနှင့် အသံဖိုင်မှတ်တမ်းများအရ သိရသည်မှာ မိမိ ရန်ကုန်ရောက်ပြီး၍ ဦးဂမ္ဘီရထံ ဖုန်းဆက်စဉ် အချိန်က ပုညကရ ရဟန်းငယ်များသမဂ္ဂ ဖွဲ့စည်းရန် ဆွေးနွေးပြီး အပြန်အလှန် အကြံပြုနေကြခြင်းဖြစ်ကြောင်း သိခဲ့ရ၏။
ထို ပုညကရ ရဟန်းငယ်များ သမဂ္ဂသည် သံဃာထုအခွင့်အရေးကို ဝိနည်းတော်နှင့်အညီ ကာကွယ်ရန် ဒါယကာ၊ ဒါယိကာမများ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အစရှိသော အရေးကိစ္စ အကျပ်အတည်းများမှ အကြမ်းမဖက်ဘဲ အဆင်ပြေချောမွေ့စွာ လွန်မြောက်နိုင်စေရေးအတွက် သံဃာထုအနေဖြင့် ကြားဝင်စေ့စပ် ညှိနှိုင်းပေးရန် ရည်ရွယ်ဖွဲ့စည်းကြောင်းများ ပါရှိပါသည်။
ထိုအချိန်က ဦးဂမ္ဘီရသည် နိုင်ငံရေးသမား အတော်များများနှင့် ရင်းနှီးကျွမ်းဝင်ကာ သံဃာထုအတွင်း၌လည်း နိုင်ငံရေးအရ အတော်ဝင်ဆံ့နေပြီဖြစ်ကြောင်း သိခဲ့ရသည်။ ထို့အတူ သံဃာထုအတွင်း စည်းရုံးလှုံ့ဆော်မှုများကိုလည်း အနယ်နယ်အရပ်ရပ်မှ သံဃာတော်များနှင့် ပူးတွဲကာ အဆက်မပြတ် အလေးအနက် လုပ်ကိုင်လျက်ရှိ၏။ ထို့အပြင် လူငယ် အတော်များများကိုလည်း စည်းရုံးသိမ်းသွင်းနိုင်ခဲ့ကာ သူတို့နှင့်ပင် မကြာခဏ တွေ့ဆုံခဲ့ပြီး လှုပ်ရှားမှုမျိုးစုံကို နောက်ကွယ်မှ ပူးပေါင်းဆောင်ရွက်ခဲ့၏။
ထိုစဉ်က ဦးဂမ္ဘီရနှင့် မိမိတို့ အတူနေထိုင်ခဲ့ရာ ကာလအတွင်း မနက် ၉ နာရီလောက်တွင် ရွှေပြည်သာအိမ်မှ ထွက်ကာ ရန်ကုန်မြို့တွင်း နေရာအနှံ့ ခြေဆန့်ဖြစ်ခဲ့ကြ၏။ ထိုသို့ ခြေဆန့်မိရာအချိန်၌ မိမိတို့ ချိတ်ဆက်မိရာ သံဃာထု၊ လူငယ်ထုများနှင့် တွေ့ဆုံဆွေးနွေး ဖြစ်ခဲ့သည်များရှိသလို ကိစ္စအထွေအထူး မရှိသည့် အချိန်တချို့တွင်ကား မြို့တွင်းသို့ လှည့်လည်ကာ လူထုတွင်း အခြေအနေများကို လေ့လာဖြစ်ခဲ့သည်။
ထိုသို့ လေ့လာပြီးနောက် ည ၁ဝ နာရီ ပတ်ဝန်းကျင်လောက်မှ ပုံမှန်ဆိုသလို အိမ်ပြန်ဖြစ်ခဲ့ကြ၏။ မိမိတို့ အိမ်ပြန်ရောက်ပြီး နောက်လည်း အိပ်ရာမဝင်နိုင်ကြသေးဘဲ မိမိတို့ မြို့တွင်း လှည့်လည်စဉ်က လူထုတွင်း အတွေ့အကြုံ၊ မိမိတို့ သွားရောက်တွေ့ဆုံခဲ့ရာ ကျောင်းတိုက်မှ သံဃာထု အခြေအနေအပြင် မိမိတို့ တွေ့ကြုံဆုံဖူးခဲ့ရာ နယ်ဒေသအသီးသီး၏ အတွေ့အကြုံများ အစရှိသော ရောက်တတ်ရာရာများကိုလည်း ကွမ်းတမြုံ့မြုံ့ဝါးရင်းက ဆွေနွေးဖလှယ်ကြကာ နံနက် ၁ နာရီ ပတ်ဝန်းကျင်လောက်မှ မိမိတို့ ၃ ပါး ပုံမှန် အိပ်ဖြစ်ခဲ့ကြ၏။
မိမိရောက်ပြီး သိပ်မကြာမီ သထုံမြို့က မိမိတို့နှင့် အတူနေသူ ကိုယ်တော်တပါး ကိစ္စတခုဖြင့် ခရီးထွက်သွားခဲ့၍ မိမိနှင့် ဦးဂမ္ဘီရ နှစ်ပါးတည်းသာ ကျန်ရှိခဲ့ကာ ဆွမ်းကွမ်းကိစ္စ အဝဝတို့ကို ဦးဂမ္ဘီရ၏ ဒါယကာများမှ တာဝန်ယူ ကပ်လှူခဲ့သည်။ သီတင်းတပတ်လောက်အတွင်း ဦးဂမ္ဘီရ အစီအစဉ်ဖြင့် မွန်ပြည်နယ် မော်လမြိုင်မြို့က ကိုယ်တော်တပါး ရောက်ရှိလာကာ မိမိတို့နှင့် အတူနေထိုင် လှုပ်ရှားခဲ့သည်။ ထိုသို့ နေထိုင်လှုပ်ရှားနေစဉ်အတွင်း ဦးဂမ္ဘီရ ဦးဆောင်ဖွဲ့စည်းခဲ့သော ရဟန်းပျိုသမဂ္ဂ (ရန်ကုန်) ၏ လှုပ်ရှားမှု တစိတ်တဒေသကို သိရှိခဲ့ရ၏။
ရဟန်းပျိုသမဂ္ဂ (ရန်ကုန်) ဆိုတဲ့ သံဃာ့အစုအဖွဲ့လေးတခုကို ၂ဝဝ၆ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့၌ ဦးဂမ္ဘီရ ဦးဆောင်ပြီး ရန်ကုန်တိုင်းအတွင်းရှိ စမ်းချောင်းမြို့နယ်၊ အလုံမြို့နယ်၊ ထောက်ကြန့်မြို့နယ်နှင့် ကရင်ပြည်နယ် ဘားအံမြို့နယ်တို့မှ ရဟန်းပျိုများ စုပေါင်းပါဝင်ကာ သံဃာတော်ပေါင်း ၉ ပါးဖြင့် ရန်ကုန်တိုင်း အလုံမြို့နယ်အတွင်းရှိ သဒ္ဓမ္မာဝံသာရုံ ကျောင်းတိုက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဖွဲ့စည်းခဲ့ပြီးနောက် ကြေညာချက်အမှတ် ၁/၂ဝဝ၆ ကို ထုတ်ပြန်ခဲ့သည်။
ကြေညာချက်တွင် ကိုမင်းကိုနိုင် အပါအဝင် ကျောင်းသားခေါင်းဆောင် ၅ ဦး ဖမ်းဆီးခံရမှုမှ ပြန်လွှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး၊ လူထု အထွေထွေ အကျပ်အတည်း ဖြေရှင်းနိုင်ရန်အတွက် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံးပြုလုပ်ပေးရန် တောင်းဆိုခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးခြင်း မရှိပါက ရဟန်းပျိုသမဂ္ဂ (ရန်ကုန်) မှ ဦးဆောင်ကာ နအဖ စစ်အစိုးရကို ပတ္တနိက္ကုဇ္ဇနကံဆောင်မည် ဖြစ်ကြောင်းကိုပါ ထည့်သွင်းပြောကြားခဲ့၏၊ ကြေညာချက်ကို သံဃာထုနှင့် လူထုအတွင်း တစိတ်တဒေသ ဖြန့်ဝေခဲ့ပြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန အစရှိသော ဌာနဆိုင်ရာများသို့ ပေးပို့ခဲ့ပြီး သြဇာအရှိန်အဝါကြီးမားသော စာသင်တိုက် ဆရာတော်ကြီး ၂၅ ပါးထံသို့လည်း ပေးပို့ကာ အကြောင်းကြားခဲ့၏။
Tuesday, March 10, 2009
ကြုံရဆုံရ ရွှေဝါရောင်တော်လှန်ရေး အကြိုကာလ အပိုင်း(၂)
ဆောင်းပါး
ကိုမော်
သောကြာနေ့၊ မတ်လ 06 2009 20:50 - မြန်မာစံတော်ချိန်
ကိုလှိုင်ဘွားဆိုသူနှင့် မိမိတို့ စကားပြောနေစဉ်အတွင်း စိန်တောင်တန်း လ္ဘက်ရည်ဆိုင်၌ လူများ စည်ကားလှပါသည်။ ထိုဆိုင်အတွင်း၌ မိမိတို့ ထိုင်နေစဉ်အတွင်း မိမိအပါအ၀င် သံဃာ ၇ ပါး အာရုံဆွမ်းအဖြစ် နံနက်စာများ သုံးဆောင်လျက်ရှိ၏။ ထိုသံဃာ ၇ ပါး ရှိရာမှ ၅ ပါးမှာ မိမိနှင့်အတူ ရေနံချောင်းမှ အတူထွက်လာကြသူများဖြစ်ပြီး၊ ကိုလှိုင်ဘွား ဆိုသည့် ဘုန်းတော်ကြီး အပါအ၀င် ၆ ပါးကိုသာ မိမိတို့နှင့် ပတ်သက်သည့် ကိုယ်တော်များ ဖြစ်ကြောင်း သိထားခဲ့၏။
ကျန်သံဃာတပါးမှာ သက်တော်အားဖြင့် ၆၀ ကျော်၊ ၇၀ ပတ်ဝန်းကျင်ရှိသည့် ရဟန်းကြီးတပါးဖြစ်၏။ ရဟန်းကြီးမှာ တပါးတည်း မိမိတို့အနီးရှိ စားပွဲတ၀ိုင်း၌ သီးသန့်ထိုင်၍ မိမိတို့အား မသိမသာ အကဲခတ်နေဟန် ရှိသည်။ ထို့အတူ ကိုလှိုင်ဘွားကလည်း ထိုဦးဇင်းကြီးကို မကြာခဏ သတိပြုကာ စူးစမ်းနေသည်ကို မိမိ ရိပ်မိလိုက်၏။ ထိုအခိုက် မိမိစိတ်ထဲတွင် မှတ်ယူလိုက်သည်မှာ မိမိတို့အား စစ်ထောက်လှမ်းရေး (သို့) ကြံ့ခိုင်ရေးအဖွဲ့က ခြေရာခံမိကာ အယောင်ဆောင် ဘုန်းတော်ကြီးတပါးကို ထည့်ပေးလိုက်သည်ဟု တွက်ဆမိ၏။
ထိုသို့ တွက်ဆရသည်မှာလည်း မိမိတို့ ထွက်လာခဲ့သည့် နောက်ကြောင်းကား စိတ်အေးဖွယ်ရာ မရှိ၍ ဖြစ်သည်။ မိမိ ဦးဣဿရိယနဲ့ စတင်တွေ့ထိ ရင်းနှီးခဲ့စဉ်ကာလသည် ဦးဣဿရိယအား ရေနံချောင်းရှိ နအဖ အာဏာပိုင်များမှ အချိန်ပြည့် စောင့်ကြည့်တာ ခံနေရချိန်ဖြစ်၏။ မိမိနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည့် ရေနံချောင်းမြို့ ဈေးကြီးအနီး လ္ဘက်ရည်ဆိုင်တခု၌လည်း ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုသည့် အဖွဲ့က လူတယောက် ထိုသို့ နောက်ယောင်ခံလိုက်ကာ စောင့်ကြည့်နေသည်ကို ကြုံခဲ့ရဖူးသည်ဖြစ်၍ မိမိစိုးရိမ်စိတ် ကဲနေရခြင်းဖြစ်၏။ ထို့အတူ မိမိကိုယ်တိုင်၏ နိုင်ငံရေး နောက်ခံအရလည်း စိတ်ချရသည့် အခြေအနေမရှိ၍ ထိုသို့ စဉ်းစားမိခြင်းဖြစ်သည်။
ထို့နောက် မကြာလိုက်ပါ ကိုလှိုင်ဘွားသည် ထိုဦးဇင်းကြီး စားပွဲဝိုင်းသို့ ထသွားကာ သာကြောင်းမာကြောင်း မေးပြီး တရိုတသေ နှုတ်ဆက်လေတော့၏။ ဦးဇင်းကြီးကလည်း ကိုလှိုင်ဘွား ဟုတ်မဟုတ်ကို သေချာအောင် ဆန်းစစ်နေဟန်ရှိသည်။ ကိုလှိုင်ဘွားသည်ကား ထိုဦးဇင်းကြီး၏ ဟန်ပန်အမူအရာကို ကြည့်၍ သူကြိုဆိုရမည့် ဘုန်းတော်ကြီးတပါး ဖြစ်ကြောင်း သဘောပေါက်မိ၍ ရင်းရင်းနှီးနှီး မိတ်ဆက်ကာ နေလေ၏။ နောက်ပိုင်း ကိုလှိုင်ဘွားက ပြောပြမှ ၎င်းဦးဇင်းကြီးမှာ ဦးဣဿရိယ၏ အစီအစဉ်နဲ့ ချောက်မြို့မှ တပါးတည်း ထွက်လာသူ ဖြစ်ကြောင်း သိခဲ့ရသည်။
မနက် ၇ နာရီလောက်တွင် မိမိထံသို့ ကိုလှိုင်ဘွား လက်ကိုင်ဖုန်းမှတဆင့် ဦးဣဿရိယ ဖုန်းဆက်ပါသည်။ မိမိတို့ အဆင်ပြေမှု ရှိ၊ မရှိနဲ့ လမ်းခရီး အခြေအနေတို့ကို မေးမြန်းပြီး၊ မကြာမီ သူလည်း ရောက်လာမည်ဖြစ်ကြောင်း ပြောပါသည်။ ဦးဣဿရိယမှာ ရေနံချောင်းမြို့၌ အခြေစိုက်ကာ HIV ဝေဒနာသည်များကို တစိုက်မတ်မတ် အကူအညီပေးနေသူ ဖြစ်သည့်အတွက် နအဖ အာဏာပိုင်များမှ သူ့ကို အမြဲသတိထားကာ သွားရာလာရာ နေရာများကို စုံစမ်းထောက်လှမ်းလေ့ရှိသည်။ ထို့ကြောင့်ပင် သူသည် ၂၀၀၆ နှစ်ကုန်ပိုင်းတွင် ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ် မဂ္ဂင်ကျောင်းသို့ ပြောင်းရွှေ့ကာ သီတင်းသုံးခဲ့ရသူဖြစ်၏။ သို့ဖြစ်၍ လုံခြုံရေး အခြေအနေအရ ရန်ကုန်သို့ မရောက်မီ လမ်း၌ တမြို့ဝင် တမြို့ထွက် အဆင့်ဆင့် ကားစီး၍ ခြေရာဖျောက်ကာ လာခဲ့ရခြင်းဖြစ်သည်။
မနက် ၈ နာရီခွဲလောက်တွင် ကိုလှိုင်ဘွားသည် မိမိတို့ စားပွဲဝိုင်းနှင့် ခပ်လှမ်းလှမ်းတနေရာတွင် ထိုင်နေသော ဒကာကြီးတယောက်ဆီ သွားရောက်ပြီး တိုင်ပင်ပါသည်၊ ထို့အခါကျမှ ကိုလှိုင်ဘွားနှင့် ထိုဦးလေးကြီးမှာ အတူလာကြသူများဖြစ်မှန်း ရိပ်မိပါတော့၏။ ထို့နောက် မိမိအား ကားလက်မှတ်ဝယ်လိုက်ရန် ပြောသဖြင့် ကိုလှိုင်ဘွားနှင့် အတူပါလာသူ ဦးလေးကြီးနှင့် လိုက်ခဲ့ရပါသည်။ ထို့နောက် ထိုဦးလေးကြီး၏ မှတ်ပုံတင်ကို မသိမသာ ကြည့်မိရာမှ ထိုဦးလေးကြီး၏ အမည်မှာ ဦးတင်ကြွယ်ဖြစ်မှန်း သိခဲ့ရ၏။ (ထိုဦးလေးကြီးမှာ နောက်ပိုင်း အရှင်ဂမ္ဘီရ၏ ဖခင်ဖြစ်သူဟု အရှင်ဂမ္ဘီရ အဖမ်းခံရသည့်အချိန်တွင် မိဒီယာများမှ မှားယွင်း ထုတ်လွှင့်ခြင်း ခံခဲ့ရဖူးသည့် ကပ္ပိယ ဒကာကြီးတဦးဖြစ်သည်။)
ထို့နေ့ ကားအဆင်မပြေသဖြင့် ကြည့်မြင့်တိုင်မြို့နယ်ရှိ ကိုလှိုင်ဘွား၏ မိတ်ဆွေတဦး အိမ်တွင် မိမိတို့ တည်းခိုခဲ့ရသည်။ ထို့အချိန်အထိ ကိုလှိုင်ဘွားဆိုသည့် ဘုန်းကြီး၏ ရဟန်းဘွဲ့တော်ကို မသိရသေးပါ။ ၎င်းအိမ်တွင် မိမိတို့နှင့်အတူ မန္တလေးမှ သံဃာ ၇ ပါးလည်း ရောက်ရှိနေ၏။ ထို့အပြင် သံဃဒူတအဖွဲ့ တာဝန်ခံ ဆရာတော်တပါးလည်း ထိုအိမ်၌ ရှိနေ၏။
မိမိတို့ အိမ်ရောက်ပြီး မကြာမီမှာပင် ကိုလှိုင်ဘွားသည် မန္တလေးက သံဃာတပါးနှင့်အတူ ဖုန်းမက်ဆေ့ခ်ျအရ အပြင်သို့ ထွက်သွားပါသည်။ မိမိတို့ ရောက်ရှိနေရာဖြစ်သည့် ကိုလှိုင်ဘွား၏ မိတ်ဆွေအိမ်သည် ပထမအလွှာရှိ သာမန် တိုက်ခန်းကျဉ်းလေးတခုသာ ဖြစ်နေသည့်အတွက် မိမိတို့ သံဃာ ၁၀ ပါးကျော်နှင့် လူတချို့အတွက် အလွန်ကျဉ်းကျပ်လှပါသည်။ သို့သော်လည်း ကိုလှိုင်ဘွားမှ လုံခြုံရေးအရ အပြင်ကို အုပ်စုလိုက်မထွက်ကြဖို့နဲ့ ၀ရန်တာမှာလည်း အုပ်စုလိုက် ထွက်မထိုင်ဖို့ မှာကြားခဲ့သည့်အတွက် မိမိတို့အဖို့ နေရထိုင်ရတာ အတော်ကို အခက်တွေ့နေရပါတော့သည်။
ထိုနေ့ နေ့ခင်း ၂ နာရီ ပတ်ဝန်းကျင်လောက်တွင် ကိုလှိုင်ဘွား ပြန်ရောက်လာပါသည်။ သူနှင့်အတူ လူတဦးလည်း ပါလာခဲ့သည်။ ထိုလူမှာလည်း ရန်ကုန်နိုင်ငံရေး အသိုင်းအ၀ိုင်းထဲမှ လတ်တလော လှုပ်ရှားနေသူဖြစ်၏။ ထိုလူအား ပန်းချီဆရာတဦးဖြစ်ကြောင်း ကိုလှိုင်ဘွားက မိတ်ဆက်ပေးပြီး သူ့အား ပန်းချီးဆရာဟုသာ ခေါ်ဝေါ်သုံးစွဲပါသည်။ ထိုပန်းချီဆရာမှ မိမိတို့အား ကိုလှိုင်ဘွား၏ မိတ်ဆွေအိမ်၌ ကျဉ်းကျပ်မည်စိုး၍ သူ့အိမ်တွင် ညအခါ သံဃာတချို့ လာရောက်ကျိန်းစက်ဖို့ ပင့်လျှောက်ပါသည်။ သို့သော်လည်း ကိုလှိုင်ဘွားက မိမိတို့၏ လုံခြုံရေးအား စိတ်မချသည်ဖြစ်၍ သူ့မိတ်ဆွေအိမ်၌ သူနှင့်အတူ ကျိန်းစက်ရန်သာ စီစဉ်ပြီး၊ မိမိတို့အား ညပိုင်း ဆားဗီးယား၊ ချီလီ၊ တောင်အာဖရိက အစရှိသည့် အကြမ်းမဖက် လှုပ်ရှားမှုများနှင့် အာဏာရှင်အား အောင်ပွဲခံခဲ့သည့် အပြောင်းအလဲ မှတ်တမ်းများကို ကြည့်ရှုခဲ့ရ၏။
ထိုနေ့ည၌ မိမိတို့ ညဥ့်နက်သည်အထိ မအိပ်ဖြစ်ခဲ့ကြ၍ ကိုလှိုင်ဘွားနှင့်လည်း စကားအများအပြား ပြောဖြစ်ခဲ့ကြသည်၊ ထိုသို့ စကားပြောဖြစ်ခဲ့ရာမှ ကိုလှိုင်ဘွားသည် မိမိတို့နှင့် စတွေ့ခဲ့စဉ်က မိမိတို့ခေတ် ရဟန်းပျိုတပါး၏ နေပုံထိုင်ပုံ ၀တ်စားဆင်ယင်ပုံနှင့် နှိုင်းယှဉ်၍ကား - ပုံစံ ပေတိပေစုတ် နိုင်သလောက် စိတ်ထားဖြူစင်သူ၊ အတွေ့အကြုံ ရင့်ကျက်သူတဦးဖြစ်ပြီး၊ စကားပြောရာ၌လည်း အေးဆေးတည်ငြိမ်မှု အပြည့်ရှိကြောင်းနှင့် ပါဠိစာပေနှင့် ပတ်သက်၍လည်း နှံ့စပ်ကျွမ်းကျင်သူဖြစ်ကြောင်း သိရှိခဲ့ရသည်၊ ထို့အပြင် နိုင်ငံရေးနှင့် ပတ်သက်၍လည်း ခံယူချက်နှင့် ခံစားချက် ပေါင်းစပ်ကာ တစိုက်မတ်မတ် လုပ်ကိုင်နေသူဖြစ်ကြောင်း ထိုစဉ်က မှက်ချက်ချမိခဲ့၏။
၆ ရက်နေ့ နံနက်ပိုင်း၌ ကိုလှိုင်ဘွား၏ ဖိတ်ကြားမှုဖြင့် ညီညီဇော် ဆိုသူ လူငယ်တယောက် မိမိတို့နှင့် လာရောက်တွေ့ဆုံကာ လူ့အခွင့်အရေးနှင့် ပတ်သက်သော အချက်အလက်တချို့ကို ရှင်းလင်းဆွေးနွေးပြသည်။ ထိုလူငယ်သည် အစ္စလာမ် ဘာသာဝင် ဖြစ်သော်လည်း မိမိတို့နှင့် ပြောဆိုဆက်ဆံရာတွင် ရိုသေလေးစားမှု အပြည့်ရှိကာ ဘာသာရေးအရ ခြွဲ